မော်လမြိုင်၊ မတ် ၁ ။ ။ မွန်ပြည်နယ်တွင် ရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများအနက်မှ FDA ၏ ထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင် မရှိသည့် အလှကုန်ပစ္စည်းများ၊ ရေသန့်လုပ်ငန်းများနှင့် ဆေးဝါးထုတ်လုပ် ရောင်းချသည့် လုပ်ငန်းများကို မတ်လအကုန်ပိုင်းတွင် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

တရားမဝင်သည့် အလှကုန်ပစ္စည်း၊ သောက်ရေသန့်လုပ်ငန်းနှင့် ဆေးဝါးရောင်းချသည့် လုပ်ငန်းများ ပပျောက်ရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့စစ်ဆေးရန် ဗဟိုဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ကော်မတီ၏ ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလှကုန်ပစ္စည်းတွေမှာ သုံးစွဲရန် မသင့်တဲ့ ဓါတုပစ္စည်းတွေကို ထည့်သွင်းထားတယ်လို့ အဖြေထွက်ခဲ့တယ်ဆိုရင် ဈေးကွက်က နေပြန်ပြီးရုပ်သိမ်းမယ်၊ အရင်နှစ်တွေက စစ်ဆေးခဲ့ပေမယ့် ရှိသေးတယ်၊ ဒီတစ်ခါ လုပ်ရင်တော့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်သွားမယ်”ဟု ဒေါက်တာစိုးနိုင်က ပြောသည်။

တားမြစ်ထားသည့် အလှကုန်ပစ္စည်းအမျိုးအစား လေးဆယ်ခန့်ရှိပြီး ယိုးဒယားနယ်စပ်မှ မွန်ပြည်နယ်သို့ အလှကုန်ပစ္စည်းဝင်ရောက်မှု အများဆုံးဖြစ်သည်ဟု ခန့်မှန်းရကြောင်း ၎င်းကပြောသည်။

ရေသန့်လုပ်ငန်းသည် FDA ၏ ထောက်ခံချက် မဖြစ်မနေယူရမည့် လုပ်ငန်းဖြစ်သောကြောင့် မွန်ပြည်နယ် အတွင်းရှိ သောက်ရေသန့်လုပ်ငန်းအားလုံးကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ပြီး ထောက်ခံချက်မရှိဘဲ လုပ်ကိုင်နေသည့် သောက်ရေသန့် လုပ်ငန်းများကို တရားစွဲဆိုသည့် နည်းလမ်းများဖြင့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးနိုင်က ပြောသည်။

မွန်ပြည်နယ်တွင် သောက်ရေသန့်လုပ်ငန်း ခြောက်ဆယ်ခန့်ရှိပြီး ခြွင်းချက်အနေဖြင့် ရေသန့်ထုတ်လုပ်ခွင့် လျှောက်ထားဆဲ ကာလအတွင်း လုပ်ငန်းများလည်ပတ်နေခြင်းကို အရေးယူရန်အတွက်ကိုမူ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီက ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ပြည်နယ်အတွင်း ရောင်းချနေသည့် ဆေးဆိုင်များအနေဖြင့် လိုင်စင်ပြုလုပ်ထားရမည်ဟု ကြေငြာထား သော်လည်း နယ်ဒေသများတွင် ထုတ်ကုန်ပစ္စည်းတစ်ခုအဖြစ် ကုန်စုံဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့ကိုလည်း ကြပ်မတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒေါက်တာစိုးနိုင်က ဆက်လက်ပြောဆိုသည်။

Written by – ဖိုးဝ ၊ ရောင်နီဝင်း

Leave a Reply