မွန်ပြည်နယ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိဘဲ သောက်ရေသန့် ထုတ်လုပ်ရောင်းချနေသာ စက်ရုံများကို တိုင်ကြားပါက ကွင်းဆင်းစစ်ဆေးကာ အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။

water-car

ဈေးကွက်အတွင်း FDA ၏ ထောက်ခံချက်မရှိဘဲ သောက်ရေသန့် ရောင်းချနေမှု အနည်းငယ်ရှိသည်ကို တွေ့ရှိထားပြီး ယင်းစက်ရုံများကို ထောက်ခံချက်ရယူရန် စည်းရုံးပြောဆိုထားကြောင်း မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

စည်းရုံးပြောဆိုထားသော်လည်း FDA ၏ ထောက်ခံချက် လာရောက်လျှောက်ထားခြင်းမရှိဘဲ သောက်ရေသန့် ဆက်လက်ထုတ်လုပ်ရောင်းချပါက စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောဆိုသည်။

“ရေသန့် ထုတ်လုပ်ဖြန့်ချိဖို့ အစားအသောက် ထောက်ခံချက်ရှိကိုရှိရမယ်” ဟု ၎င်းက ပြောဆိုသည်။

FDA ၏ ထောက်ခံချက်မရှိသော သောက်ရေသန့်စက်ရုံများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံခန့်ခွဲရေးနည်းလမ်းအရ ထုတ်လုပ်ခွင့် ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းလိုင်စင်များ ပိတ်ခြင်းများအထိ ဆောင်ရွက်နိုင်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ထောက်ခံချက်မရှိသောစက်ရုံများကို ဈေးကွက်အတွင်း ကွင်းဆင်းထောက်လှမ်းခြင်း ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်သေးသော်လည်း သက်တမ်းတိုးသောက်ရေသန့်စက်ရုံများနှင့် လိုင်စင်အသစ် လျှောက်ထားသောစက်ရုံများကိုသာ ပုံမှန်စစ်ဆေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ရှင်းပြပြောဆိုသည်။

လတ်တလော မွန်ပြည်နယ်တွင် FDA ၏ ထောက်ခံချက်ရရှိထားသေ ာသောက်ရေသန့်စက်ရုံ ၂၈ ခုရှိကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

Leave a Reply