တပ်မတော်သည် ခဏခဏ ပျက်ကျတတ်သော တိုက်လေ ယာဉ်များရောင်းချသည့် တရုတ်ထံမှ လက်နက်ဝယ်ယူမှုကိုလျှော့လာခဲ့သည်။

ယခင်က တစ်ကမ္ဘာလုံး၏ချဉ်ဖတ် မြန်မာ့ တပ်မတော်သည် ယခုအခါတွင်တော့ ပြည်တွင်း ထောက်ခံမှုသာမက အနောက်ကမ္ဘာ၏ ထောက်ခံ မှုကိုပါ ခံစားလာရပေပြီ။
မြန်မာရုပ်ရှင်ကြည့် ပရိသတ်များသည် တပ်မတော်နေ့ မတိုင်မီတွင် အထူးပွဲကြည့်ခဲ့ ရသည်။ ပြည်ထောင်စုသစ္စာဟူသော အရည် အသွေးကောင်းသော မြန်မာစစ်ကားတစ်ကား ကို မတ် ၂၄ ရက်(သောကြာနေ့)က ကြည့်ခွင့်ရခဲ့ ကြသည်။
ရုပ်ရှင်ကြည့်ပရိသတ်တွေမှာ တောင်တန်း ဒေသတွင် တိုက်ပွဲဆင်နွှဲနေသော တပ်မတော်၏ လှုပ်ရှားမှုများကို ကြည့်ရှုခံစားခွင့် ရခဲ့ကြသည်။ ထိုတောင်တန်းဒေသတွင်တော့ ၂၀၁၁ခုနှစ်က စတင်ခဲ့ပြီး အနောက်နိုင်ငံ၏ အာပေးထောက်ခံမှု နှင့် ငွေကြေးထောက်ပံ့မှုရစေခဲ့သည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့်အပြိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
ထိုကဲ့သို့ တပ်မတော်ရန်ပုံငွေဖြင့် ရုပ်ရှင် တွေရိုက်ကူးခြင်းမှာ ထူးခြားသောအရာမဟုတ်ပေ။ နှစ်တိုင်း နှစ်တိုင်း မတ်လ၂၇ရက်တွင် ကျရောက် သော တပ်မတော်နေ့တွင် တပ်မတော်ဂုဏ်ပြု သည့် တီဗီအစီအစဉ်များ၊ ရုပ်ရှင်များကို ထုတ်လွှင့် လေ့ရှိသည်။
တကယ့် ပြင်ပကမ္ဘာမှာတော့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် နာမည်ကောင်းထွက်အောင် လုပ်နေသည်။ ဂျာမနီစစ်တပ်၏ ဖိတ်ခေါ်မှုဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူ့ဇနီး၊ သူ့အရာရှိ များနှင့်အတူ ဧပြီ ၂၂ရက်တွင် ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ထို့နောက် သြစတြီးယားသို့ဝင်ပြီး သြစတြီးယားကာကွယ်ရေး ဦးစီးချုပ်နှင့် ညနေစာစားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်နေသော တပ်မတော်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ကြီးကြပ်မှုနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ မြန်မာ့လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးလောကကို ကာလတစ်ခုအထိ လွှမ်းမိုးခဲ့သည်။ စစ်အာဏာ ရှင်ကာလတွင်လည်း သိသိသာသာ တိုးချဲ့လွှမ်း မိုးခဲ့သည်။
၁၉၆၂ခုနှစ်တွင် ဦးနေဝင်းက အာဏာသိမ်း လိုက်ပြီးနောက်တွင် တပ်မတော်သည်  တရားရေး မှသည် ပညာရေးအထိ ပြိုင်ဘက်အဖွဲ့အစည်း များကို ဝါးမြိုပစ်လိုက်သည်။ ထိုအဖွဲ့အစည်းများ တွင် ဗြိတိသျှလက်ထက်မှ တည်ထောင်ခဲ့သော အဖွဲ့အစည်းများ၊ ၁၉၄၈ခုနှစ်အပြီး ပါတီစုံဒီမိုကရေစီကာလက ပေါ်ပေါက်ခဲ့သော အဖွဲ့အစည်း များလည်း ပါသည်။ လူ့အခွင့်အရေးမှတ်တမ်းကို ကြည့်လျှင်လည်း ကမ္ဘာ့အဆိုးဆုံး စာရင်းဝင် ဖြစ်သည်။ အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက် တစ်ခုသဖွယ် အသုံးပြုခြင်း၊ ကလေးစစ်သားစု ဆောင်းခြင်း တို့မှာလည်း မှတ်တမ်းမှတ်ရာနှင့်တကွ ရှိနေသည်။
၂၀၁၁ခုနှစ်တွင်တော့ တပ်မတော်သည် ဖြေလျှော့မှုများကို စနစ်တကျ ဂရုတစိုက်နှင့် စတင် လုပ်ဆောင်လာခဲ့သည်။ ၂၀၁၅တွင်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တောင်ပြို ကမ်းပြိုအနိုင်ရခဲ့သည်။ NLDပါတီသည် ၁၉၉၀ ခုနှစ်ကလည်း ထိုသို့အနိုင်ရရှိခဲ့ဖူး သော်လည်း စစ်အစိုးရက အဆိုပါရလဒ်ကို မျက်ကွယ်ပြုကာ နှစ်ပေါင်းနှစ်ဆယ် ထပ်မံအုပ်ချုပ်ခဲ့သည်။
၂၀၁၅ရွေးကောက်ပွဲတွင် ပြည်သူတွေ ပျော်ခဲ့ ကြပုံက ထင်ထင်ရှားရှားပင်။ တစ်နိုင်ငံလုံးက ရဟန်းရှင်လူအပေါင်းတို့သည် ကိုယ့်နိုင်ငံကိုယ့် လက်ထဲပြန်ရောက်ပြီဟူသော အတွေးဖြင့် ပျော်ခဲ့ ကြသည်။ NLD ပါတီမှာလည်း ‘ပြောင်းလဲချိန် တန်ပြီ’ဆိုသော ခေါင်းစဉ်အပြင် မူဝါဒ တိတိ ကျကျ မရှိလေရာ ချွတ်ခြုံကျနေသော အဖွဲ့အစည်း များကို ပြန်လည်မြှင့်တင်ဖို့၊ အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်မြှင့်တင်ဖို့ ဆိုသော အလုပ်များကို ခေတ္တဖယ်ထားရ တော့သည်။
ပြည်ပရောက် နိုင်ငံကိုယ်စားပြုပုဂ္ဂိုလ်
အသက်ခြောက်ဆယ်စွန်းစ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အုပ်ချုပ်သူလူတန်းစား ထဲတွင် ငယ်ရွယ်သူ တစ်ယောက် ဖြစ်သည်။ ယခုအခါတွင် အသက် ၇၁နှစ်အရွယ် ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင်သည့် ရွေးကောက်ခံ အစိုးရအဖွဲ့နှင့် တပ်မတော်တို့က နိုင်ငံကို ခွဲဝေအုပ်ချုပ်နေသည်။ တပ်မတော်က ပြည်ထဲ ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာနတို့ကိုကိုင်ထားပြီး လွှတ်တော် တွင်လည်း ၂၅ရာခိုင်နှုန်းကို ရယူထားသည်။
သမ္မတဖြစ်ခွင့်မရသော ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး ယူထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေ ရင်းဖြစ်သော အသက် ၇၀အရွယ် ဦးထင်ကျော် သည် ယမန်နှစ်က သမ္မတရာထူး ရယူသည့်အခါ ‘ရုပ်သေးသမ္မတ’ဟု ကင်ပွန်းတပ်ခံခဲ့ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် မအားလပ်သည့် အခါ နိုင်ငံခြားခရီးစဉ်များ သွားခြင်း၊ နိုင်ငံတော် အဆင့်ပွဲများတွင် မိန့်ခွန်းပေးခြင်းများ ပြုလုပ် နေရာ ဤစကားလုံးသည်လည်း သူ့အခန်း ကဏ္ဍကို မဖော်ပြနိုင်ပေ။ တစ်ဖက်တွင်လည်း တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့်အတိုင်းနိုင်ငံရေးဦးဆောင် မှုအခန်းကဏ္ဍကို ဆက်လက်ရယူထားသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း နိုင်ငံတကာက ဝေဖန်နေသည့်ကြားမှပင် နာဂစ် မုန်တိုင်း တိုက်အပြီး၌ လူထုဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုပြဌာန်းခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၌ မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
တပ်မတော် ကျောထောက်နောက်ခံ ပါတီ ဖြစ်သော ကြံခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက် ပွဲတွင် ခွက်ခွက်လန်ရှုံးနိမ့်ခဲ့သော်လည်း တပ်မတော် ၏ သြဇာကတော့ လူ့အဖွဲ့အစည်း၏ နေရာတိုင်း ၌ ပျံ့နှံ့ဆဲပင်။ အကြောင်းမူ ရဲတပ်ဖွဲ့နှင့်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်တွင် ရှိနေသောကြောင့်ပင်။
တပ်မတော်၏ ထိန်းချုပ်မှုကို ပြီးခဲ့သည့် မေလ အစိုးရသစ်ဖွဲ့စည်းစဉ်တွင် သိသိသာသာ တွေ့ခဲ့ရသည်။ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တပ်မတော်ကထိုးတင်ပေးသည်။ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဦးမြင့်ဆွေမှာ ထောက်လှမ်းရေးခေါင်း ဆောင်တစ်ဦးဖြစ်ခဲ့ကာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလအပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ရာတွင် ဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
စစ်အစိုးရသည် နိုင်ငံတကာနှင့် အဆက်အဆံ မလုပ်ခဲ့ဘဲ အမေရိကန်နှင့်စာလျှင် မြောက်ကိုရီး ယားနှင့် ပို၍နွေးနွေးထွေးထွေး ဆက်ဆံခဲ့ပြီး သဘောထား ပြင်းထန်သည်ဟု ယူဆခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အီးယူ ရှိ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံလျက် ပြည်ပတွင် မြန်မာနိုင်ငံ၏ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံရိပ်ဖော် ဆောင်နိုင်ခဲ့သည်။
ဥရောပသမဂ္ဂနှင့် အမေရိကန်ရှိ အကြီးအကဲ များကလည်း တပ်မတော်သည် မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံး အဖွဲ့အစည်းတစ်ရပ် အဖြစ် အသိအမှတ်ပြုသကဲ့သို့ တပ်မတော်က ဗီတိုဖြင့်ပယ်ချနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးများမှတစ်ဆင့် ဒီမိုကရေစီဖော်ဆောင် ရေးတွင် အဓိကကျသော အခန်းကဏ္ဍတွင်ရှိနေ သည်ကိုလည်း အသိအမှတ်ပြုထားကြသည်။ ထို့ကြောင့် တပ်မတော်ကိုလည်း ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးအစိုးရကို ဆက်ဆံခဲ့သလို ထိတွေ့ ဆက်ဆံဖို့လိုသည်ဟု ယူဆထားကြသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အရေးယူ ပိတ်ဆို့မှုများကို ပိတ်သိမ်းလာကြပြီး အနောက် နိုင်ငံများက မြန်မာနိုင်ငံတွင် သံရုံးများ ပြန်ဖွင့် လာကြသည်။ အရပ်သားအစိုးရအပေါ် ဆက်ဆံ ရေးတိုးမြှင့်ခြင်းနှင့် အကူအညီပေးခြင်း၊ နည်းပညာ အထောက်အပံ့ပေးခြင်းတို့က ၂၀၁၅ ရွေးကောက် ပွဲကို ကောင်းမွန်သန့်ရှင်းသော ရွေးကောက်ပွဲ တစ်ခု ဖြစ်လာစေခဲ့သည်။ တပ်မတော်ကိုလည်း ထိုနည်းတူဆက်ဆံခြင်းဖြင့် အာဏာရှင်အလေ့ အထတွေကို  စွန့်ပယ်လာအောင် လုပ်မပေးနိုင် ဘူးလားဟု မေးစရာရှိသည်။

စိတ်နှလုံး
စိုးရိမ်မှုများ၊ အကန့်အသတ်များရှိသော် လည်း တိုက်ရိုက်ထိတွေ့ဆက်ဆံသည့် မူဝါဒက တပ်မတော်အနေဖြင့် ပြည်တွင်းပြည်ပတွင် တစ်ချိန်လုံးဆုပ်ကိုင် လာခဲ့သောမူဝါဒများကို ပြောင်းလဲပေးနိုင်ပေလိမ့်မည်။ သို့သော် ကမ္ဘာ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်း များကိုလိုက်နာခြင်း၊ အရပ်သားတွေကို မြင်တွေ့ ခွင့်ပေးသည့် ကိစ္စရပ်များတွင်တော့ မရေမရာ ရှိသေးသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ဥရောပသမဂ္ဂ စစ်ရေးကော်မတီတွင် ပြောခဲ့သည့် မိန်းခွန်း၌ အထူးသဖြင့် အစိုးရကို စစ်ဖက်၊ အရပ်ဖက် နှစ်ဖက်ခွဲ ထိန်းညှိထားခြင်းအတွက် မြန်မာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချီးမွမ်း ခဲ့သည်။
ဘရပ်ဆဲလ်က ပွဲတွင်လည်း ရိုဟင်ဂျာများ မှာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြောကြား ခဲ့သည်။ ထို့နောက် အီတလီသို့သွားကာ လက် နက်တပ်ဆင်သည့် ကားများ၊ တိုက်လေယာဉ် များထုတ်လုပ်သည့် ARIS နှင့် လီယိုနာဒို ကုမ္ပဏီများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂနှင့် အမေရိ ကန်တို့၏ လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်ခံရဆဲ ဖြစ်သဖြင့် အီတလီနှင့်ပါကစ္စတန်တို့ထံမှ စစ် လက်နက်များ ဝယ်ယူသည်။ ၂၀၁၅ ခုနှစ်တွင် အစ္စရေးနှင့် လက်နက်ဝယ်ယူရေးစာချုပ်ချုပ်ခဲ့ ပြီး ပါကစ္စတန်ထံမှလည်း JF 15 တိုက်လေယာဉ် များဝယ်ယူခဲ့သည်။ တပ်မတော်သည် ခဏခဏ ပျက်ကျတတ်သော တိုက်လေယာဉ်များရောင်းချ သည့်တရုတ်ထံမှ လက်နက်ဝယ်ယူမှုကို လျှော့လာ ခဲ့သည်။
ယူကေကတော့ တပ်မတော်၏ စိတ်နှလုံး ကို သိမ်းကျုံးရယူနိုင်ရန်အတွက် ဥရောပသမဂ္ဂ ကို လွှမ်းမိုးထားသည်။ ၂၀၁၄ခုနှစ် အစောပိုင်းက စကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၊ ကလေးစစ်သားစုဆောင်းမှု၊ လက်နက်ကိုင်အဖွဲ့ အစည်းများအပေါ် ဒီမိုကရေစီကျသောထိန်းချုပ် မှုများနှင့် ပတ်သက်၍ တပ်မတော်အရာရှိများကို မြန်မာနိုင်ငံတွင် နှစ်ပတ်ကြာ သင်တန်းပေးခဲ့ သည်။
ထိုအချိန်မှစကာ  တပ်မတော်အရာရှိများ သည် အောက်စဖို့ဒ်ရှိုင်းယားရှိ ကာကွယ်ရေး သင်တန်းကျောင်းသို့ နှစ်စဉ်လာတက်ကြပြီး လူ့အခွင့်အရေးပြဿနာ အလုပ်ရုံဆွေးနွေးပွဲများ အပြီးတွင် သူတို့ကို ဝါးဝစ်ရဲတိုက်လို နေရာမျိုးသို့ လိုက်ပို့တတ်သည်။ သို့မဟုတ် ရေကူးကန်တို့၊ ၁၈ကျင်းပါ ဂေါက်ကွင်းတို့သို့ လိုက်ပို့တတ်သည်။
ဥရောပသမဂ္ဂက မြန်မာ့တပ်မတော်အရာရှိ များကို လိုလိုလားလား ဆက်ဆံနေချိန်တွင် အမေရိကန်ကတော့ တပ်မတော်နှင့် ထိတွေ့ရ မှာကို ရှက်သလိုလုပ်နေသည်။ ၂၀၁၂ခုနှစ် ဇွန်လ အာရှစစ်တပ်ခေါင်းဆောင်များ အစည်း အဝေးတွင် အမေရိကန်ကာကွယ်ရေး အတွင်း ဝန် လီယွန်ပနက်တာက ၁၉၉၀ နှစ်များတွင် ချ မှတ်ခဲ့သည့် အမေရိကန် အရေးယူပိတ်ဆို့မှုများ ကိုပယ်ဖျက်ကာ တပ်မတော်နှင့် စစ်ရေးဆက်ဆံ မှုပြုလုပ်ရန် အမေရိကန်အစိုးရက စိတ်ဝင်စား သည်ဟု ကြေညာခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံ၏ ဥပဒေများ ကြောင့် ထိုသို့လုပ်ဆောင်ရန် မလွယ်ခဲ့ပေ။ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများနှင့် အမေရိကန် လွှတ်တော်အမတ်များအကြား ရင်းနှီးသော ဆက်ဆံရေးသည်လည်း တည်ရှိနေ သေးသည်။ သို့သော် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အပေါ်မူတည်၍ ထိုလမ်းကြောင်းကလည်း ရှင်း လင်းလာနိုင်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာက ဝါရှင်တန် သို့ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာ ရပ်ခံမှုကြောင့် စီးပွားရေး အရေးယူပိတ်ဆို့မှုများ ကို ဖယ်ရှားလိုက်သော်လည်း မူးယစ်ဆေးရာဇာ များ၊ လက်နက်တင်ပို့ခြင်းများကိုမူ ဆက်လက် ပိတ်ဆို့ထားသည်။
အမေရိကန်၏ မြန်မာတပ်မတော်နှင့်ဆက် ဆံမှုမှာ တပ်မတော် အလယ်အလတ်နှင့်အဆင့် မြင့်အရာရှိများကို သင်တန်းပေးခြင်းမှလွဲလျှင် ကျန်သည့် ဆက်ဆံမှု မရှိသေးပေ။ အမေရိကန်၏ အပြည်ပြည်ဆိုင်ရာ စစ်ပညာရေးနှင့် သင်တန်း အစီအစဉ်များသို့လည်း မြန်မာ့တပ်မတော်ကို မဖိတ်ပေ။
တိုက်ရိုက်ဆက်ဆံမည့်အစား အမေရိကန် သည် မြန်မာ့တပ်မတော်ကို အရှေ့တောင်အာရှ တွင် နယ်စပ်လုံခြုံရေး မဟာမိတ်အဖြစ် ဆွဲခေါ် ရန် လုပ်ဆောင်မှုများရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံကဦးဆောင်ပြီး အင်ဒိုနီးရှား၊ မလေး ရှား၊ စင်ကာပူ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပါသော ကော်ဘရာစစ်ဆင်ရေးသို့ မြန်မာတပ်မ တော်မှလေ့လာသူအဖြစ် တက်ရောက်ခွင့်ရ ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံ ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို အမေရိကန်စစ်တပ်က ဦးဆောင်လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ အမေရိကန်က တရုတ်ကို တန်ပြန်လိုသည့်သဘောဖြင့် ဒေသ တွင်း မဟာမိတ်တည်ဆောက်ခြင်းဖြစ်သည်။ မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘာ့ဂ် ကတော့ အမေရိကန်၏ နှစ်ပေါင်း ၁၅၀ခန့် ကြာပြီဖြစ်သော အာရှပစိဖိတ်မူဝါဒမှာ ဒေသတွင်း ၌ အင်အားကြီးနိုင်ငံတစ်ခုခု မပေါ်ပေါက်စေရေး ဖြစ်သည်ဟု သုံးသပ်သည်။

အရပ်ဖက်မှအကူအညီ
နေပြည်တော်တွင် စစ်သားတစ်သောင်း ချီတက်အလေးပြုခဲ့သော တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်တပ်မတော် နှင့်ပတ်သက်၍ ဦးစားပေးလုပ်ဆောင်မည့်အရာ များကို သူ့မိန့်ခွန်းထဲတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။
ထိုအထဲတွင် တပ်မတော်ကို ခေတ်မီတပ်မ တော်ဖြစ်အောင် တည်ဆောက်ရေးသည်လည်း ဦးစားပေး လုပ်ငန်းစဉ်တွင်ပါဝင်သည်။ ဘရပ်ဆဲ တွင် ပြောကြားခဲ့သောမိန့်ခွန်း၌လည်း အဆင့် မြင့်လက်နက်ပစ္စည်းများ တပ်ဆင်ထားသည့် ‘စံမီတပ်မတော်” တည်ဆောက်ရေးတွင် သူ့အိပ် မက်ကို ထည့်သွင်းပြောကြားခဲ့သည်။ အနောက် နိုင်ငံဘက်မှ သင်တန်းပေးမှုများသည်လည်း သူ့အိမ်မက်ကို အထောက်အပံ့ပေးလျက်ရှိပြီး အနောက်နိုင်ငံ လက်နက်ဈေးကွက်အတွင်း ဝင် ရောက်ခွင့်ရစေမည်ဖြစ်သည်။
အဆင့်မြင့် လက်နက်စနစ်သည် အကုန် အကျများလှသည်။ NLD ကတော့ တပ်မတော် ၏ ဘတ်ဂျက်အမြောက်အများ သုံးစွဲမှုကို ထောက်ပြဝေဖန်သည်။ မတ်လက ထုတ်ပြန်ခဲ့ သည့် NLD အစိုးရ၏ ပထမဆုံးသော ဘတ်ဂျက်ကို ထုတ်ပြန်ခဲ့ရာ အပြောင်းအလဲကို မြင်လိုသောသူတို့ အံ့သြသွားကြသည်။ တပ်မ တော်၏ ဘတ်ဂျက်သည် ၁၄ ရာခိုင်နှုန်းရှိပြီး ကျန်းမာရေးနှင့်ပညာရေး ဘတ်ဂျက်နှစ်ခုပေါင်း ထက်ပင် များနေသေးသည်။
တပ်မတော်အတွက် နောက်ထပ် ကောင်း သည့်အရာတစ်ခုမှာ တစ်ချိန်က အမြဲအတိုက် အခံ လုပ်လာသူများထံမှ ပူးပေါင်းဆောင်ရွက်မှု ရလာခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံရာထူး ပေးသည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကိုယ်စားလှယ်များက ဒီမိုကရေစီ အနိုင်ကျင့်သည်ဟု ပြောဆိုခဲ့ သော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူမကို ထောင်ထဲထည့်ခဲ့သူများအပေါ် ကောင်းကောင်း မွန်မွန်ဆက်ဆံခဲ့သည်။
တပ်မတော်က မြန်မာနိုင်ငံမြောက်ပိုင်းရှိ KIA နှင့် တိုက်ပွဲများတိုက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့သည်။ သူမကို ထောက်ခံခဲ့သည့် ကချင်တိုင်ရင်းသား များကတော့ သူမအပေါ် မကျေမနပ်ဖြစ်ခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် နယ်မြေရှင်း လင်းရေးကိစ္စများနှင့်ပတ်သက်၍လည်း NLD   တင်မြှောက်ထားသည့် ပြန်ကြားရေးဝန်ကြီး လက်အောက်မှ နိုင်ငံပိုင် သတင်းစာများကလည်း တပ်မတော်၏ လုပ်ဆောင်မှုများကို ကာကွယ် ပေးခဲ့သည်။
အရာအားလုံး ရှုပ်ရှုပ်ထွေးထွေး ရှိနေသော် လည်း ပြည်ထဲရေးကိစ္စများတွင် တပ်မတော်၏ နေရာမှာ ယခင်ကထက်ပင် တည်တည်ငြိမ်ငြိမ် ရှိနေသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကတုတ် ကျင်းထဲကနေ၍ နိုင်ငံခြားဆက်ဆံရေးတိုးမြှင့် လာသည့် အသီးအပွင့်များကို ခံစားနိုင်သည်။ အရပ်သားအစိုးရနှင့် ပို၍ပူးပေါင်းဆောင်ရွက် လာနိုင်သည်။ ဘင်္ဂါလီကိစ္စဆောင်ရွက်ခြင်းတွင် လည်း ပြည်သူလူထု၏ ထောက်ခံမှုရလာသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည့် အသီးအပွင့် အဖြစ် ဝင်ငွေတိုးလာခြင်းကိုလည်း ခံစားခွင့်ရ လာသည်။ စကားနည်းသော ဗိုလ်ချုပ်မှူးကြီးက တော့ ကျေကျေနပ်နပ်ကြီး ပြုံးပြနိုင်ပြီလေ။   ။


The Diploment

Leave a Reply