ခိုင်ကျည်

နိုင်ငံရေးတွင် ရန်ငါစည်း အတွေးအခေါ်ကို အခြေခံစဉ်စားကြသည့် အစဉ်အလာ ရှိသည်။ ထိုအစဉ်အလာအတိုင်း လုပ်ဆောင်ကြသူများ လည်း ယခုအချိန်အထိ ရှိသည်။ ထို့အတူပဋိပက္ခ များတွင် ရန်ငါစည်းသဘောကို စဉ်းစားကြ သည်။ တကယ်တော့ နိုင်ငံရေး လုပ်ကြသည်ဆို ရာတွင် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းဖြစ်သည်။
တနည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ကြရာတွင် အများပြည်သူ ကောင်း စားရေး ဖြစ်သည်။ ကိုယ်ကျိုးကို အောင့်အီးသည်း ခံပြီး အများအကျိုးကို ရှေ့ရှုရသည့် ပရဟိတ လုပ်ငန်းလည်းဖြစ်သည်။ အထူးသဖြင့် နောင်မျိုး ဆက်များအတွက် စဉ်းစားကြဖို့ဖြစ်သည်။
နိုင်ငံတည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ဥပမာတစ်ခု ရှိသည်။ စီးပွားရေးသမားသည် နောက်တစ်နေ့ ဘဏ်စာရင်းအတွက် စဉ်းစား သည်။ နိုင်ငံရေးသမားသည် လာမည့် ရွေးကောက် ပွဲအနိုင်ရရေးကို စဉ်းစားသည်။ တိုင်းပြု ပြည်ပြု နိုင်ငံတည်ဆောက်ရေး လုပ်ကြသူတိုင်း နောက်မျိုး ဆက်များအတွက် စဉ်းစားကြသည် ဆိုသည့် အယူအဆဖြစ်သည်။ ကျွန်တော်တို့ နောက်မျိုး ဆက်များ မျက်နှာမူကြဖို့ ဖြစ်သည်။
မြန်မာနိုင်ငံပဋိပက္ခသည် ရန်ငါစည်း သဘော အရ စဉ်းစားလျှင် ဖိနှိပ်သူနှင့် ဖိနှိပ်ခံခဲ့ရသူများ၏ ပဋိပက္ခဖြစ်သည်။ ဖိနှိပ်သူများ တူဖြစ်စဉ်က ရက် ရက်စက်စက် နှံခဲ့သည်။ မိသားစုအလိုက် ဘ၀ ပျက်အောင် လုပ်ခဲ့သည်။ မျိုးဆက်နှင့် ချီပြီး လူစဉ်မမှီအောင် ပညာရေးကို သင်းသပ်သည်။ ထောင်တွင်း စစ်ကြောရေးများ ပြန်မပြောမဝံ့၊ မကြားဝံ့အောင် ဖြစ်ခဲ့သည်။ နယ်စွန်နယ်ဖျား ထောင်တွေပြောင်းသည်။ ထောင်ဝင်စာ တွေ့လိ့ု မရအောင် လုပ်သည်။ တကယ်ကို ရက်ရက် စက်စက်  ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သည်။
နှိုင်းယှဉ်ချက်အရဆိုလျှင် ကိုလိုနီခေတ် ဗြိတိသျှများ လက်ထက်ကထက်ပင် နိုင်ငံရေး သမားများကို ပိုမိုနှိပ်ကွပ်ခဲ့သည်။ ဖိနှိပ်သူနှင့် အဖိနှိပ်ခံများကို ပြန်ကြည့်လျှင် ကိုယ်အမျိုးသား ချင်းဖြစ်နေသည်ကို စိတ်မကောင်းစွာ တွေ့မြင် ရသည်။ လူမျိုးခြား တိုင်းတပါးသား မဟုတ်။ ပြောစရာက အဖိနှိပ်ခံများဘက်က စဉ်းစားလျှင် ရန်ငါစည်း အခြေခံနှင့် စဉ်းစားလျှင် ရန်ငါစည်း ပြတ်ကြဖို့ ဖြစ်လာသည်။ စေ့စပ်ကြေအေးလို့မရ စတမ်း စဉ်းစားနေကြရသည်။ သံသယများရှိနေ ရသည်။ ခံခဲ့ကြရသည်ကိုး။ တကယ်တော့ မြန်မာနိုင်ငံ၏ ဖိနှိပ်သူနှင့် အဖိနှိပ်ခံများ၏ ပဋိပက္ခတွင် ရန်ငါစည်း အခြေခံကို စဉ်းစားလျှင် လူပုဂ္ဂိုလ်သဘောထက် အတွေးအခေါ်အရ ရန် သူကို ပိုသတိထား ဇောင်းပေး အကဲဖြတ်သင့် သည်။ တနည်းအားဖြင့် မည်သူမည်ဝါဆိုသည့် လူပုဂ္ဂိုလ်ရေး အခြေခံစဉ်းစားချက်များထက်၊ စနစ်ကို မြင်အောင်ကြည့်ဖို့ ဖြစ်သည်။ ဆိုလို သည်မှာ လက်တွေအားဖြင့်လည်း ယခင် ကိုလို နီစနစ် နယ်ချဲ့ဗြိတိသျှများကဲ့သို့ Get Out လုပ်လို့မရသည့် အခြေအနေဖြစ်သည်။ ဖက်ဆစ် ဂျပန်များကို ဂျပန်နိုင်ငံသို့ ပြန်မောင်းထုတ်သည့် အခြေခံမျိုး မဟုတ်သဖြင့် အတွေးအခေါ်အရ ရန်ငါစည်းကို စဉ်းစားသင့်သည်။ ဤသည်ကိုပင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ ရေး ဟုပြောနေကြခြင်းလည်းဖြစ်သည်။ အတွေး အခေါ်အရ  ရန်သူဆိုရာတွင်  ပြည်သူများအား ဖိနှိပ်သူ၊ နောက်မျိုးဆက်များအား မျက်စိပိတ်၊ နားပိတ် ဒီမိုကရေစီဆိတ်သုဉ်းစေသူ၊ တနည်း အားဖြင့် လူသားအချင်းချင်း လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသည့် အတွေးအခေါ်များ၊ လုပ်ဟန်များ ကို ဆိုလိုသည်။ နောက်မျိုးဆက်များအတွက် စဉ်းစားရာတွင် နောက်မျိုးဆက်များကို ယခု မျိုးဆက်များက  မကောင်းသည့် စိတ်ဓါတ်များ ဖြစ်သည့် အမုန်းတရားများ၊ အာဃာတများ လက်ဆက်ကမ်းအမွေ မဆက်ခံစေဖို့ ဖြစ်သည်။ အမွေ မပေးစေဖို့ဖြစ်သည်။ အမုန်းတရားများ အစား ချစ်ကြည်ငြိမ်းချမ်းမှုများ အမွေပေးသင့် သည်။ အာဃာတများအစား သဘောထားကြီး ခွင့်လွတ်မှုများ ပေးသင့်သည်။ အနိုင်ရသည့် အချိန်တွင် အနိုင်မယူ၊ လက်စားပြန်မခြေဘဲ သင်ခန်းစာယူ နောက်မျိုးဆက်များအတွက် နိဂုံး ချုပ်နိုင်ဖို့ လိုအပ်ပေသည်။
ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ သင့်မြတ်ရေး လုပ်ရာတွင် ပဋိပက္ခများ နက်ရှိုင်းမှု အတွင်းသဘော များကို စေ့ငုမိဖို့သည်။ ဆိုလိုသည်မှာ ခံရသူ များဘက်မှ စာနာပေးဖို့ဖြစ်သည်။ သင့်မြတ်ရေး သင်ပုန်းခြေရေး ကြွေးကြော်သံ သက်သက်သည် လက်တွေ့မကျ၊ မျိုးဆက်နှစ်ဆက်ခန့်  ခံခဲ့ရသူ များ အပြောလွယ်သလောက် အလုပ်ခက်သည့် ကိစ္စဖြစ်သည်။ ခွင့်လွတ်နိုင်သော်လည်း မေ့နိုင်ဖို့ ခက်ခဲ့သည့် အဖြစ်အပျက်များဖြစ်သည်။ ဝန်ခံရဲ ခြင်းသည် စိတ်သတ္တိ၏ခွန်အားဖြစ်သလို ခွင့်လွှတ် နိုင်ခြင်းသည်လည်း စိတ်သတ္တိ၏ ခွန်အားဖြစ် သည်။
တကယ်တော့ မြန်မာနိုင်ငံကဲ့သို့ပင် ဖိနှိပ်မှု၊ ခွဲခြား ဆက်ဆံမှုများကြောင့် ပဋိပက္ခဖြစ်ပွား ခဲ့သည့် နိုင်ငံများတွင် အမျိုးသားပြန်လည် သင့် မြတ်ရေး၊ ရင်ကြားစေ့ရေး လုပ်ဆောင်ခဲ့ရာတွင် အတုယူသင့်သည့် နိုင်ငံတစ်နိုင်ငံ ရှိပါသည်။ အသားအရောင်ခွဲခြားမှု အခြေခံသည့် တောင် အာဖရိကနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်ဆောင်ချက် ဖြစ်ပါသည်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ခေါင်းဆောင်သည့် အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး အစီ အစဉ်ဖြစ်သည်။ နစ်နာဆုံးရှုံးခဲ့သူများအတွက် ဘာဖြစ်ခဲ့သည်၊ ဘာကြောင့်ဖြစ်ခဲ့သည် တို့ကို ဖော်ထုတ်ကြသည်။ ဖော်ထုတ်ရာတွင် အများ ပြည်သူကို ကြားနာခွင့်ပြုသည်။ အများပြည်သူ ရှေ့တွင် ကြားနားခွင့်လုပ်လျှင်(ဝန်ခံလျှင်) မှား ယွင်းမှုများမှ လုံးဝဥဿုံ လွတ်ငြိမ်းခွင့်ရသည်။ လက်လှမ်းမှီသမျှ လေ့လာမှုများအရ လူဖြူလူမဲ နှစ်ဖက် ကြားနာမှုများအရ လူတစ်ထောင်ကျော် ကင်းလွတ်ခွင့်ရရှိပြီး အရေးယူမှုခံရသူ ၁၇ဦး သာရှိသည်။ အဓိကမှာ အတိတ်ကို ဆုပ်ကိုင် ထားခြင်းထက် နောင် အနာဂတ်အတွက် သင် ခန်းစာ ယူကြခြင်းဖြစ်သည်။ တနည်းအားဖြင့် နောင်မျိုးဆက်ကို မကောင်းသောအမွေ အကျင့်၊ စာရိတ္တ၊ လုပ်ဟန်များ မဆက်ခံစေသလို လက်ဆင့် လည်းမကမ်းတော့ပေ။
သို့မှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး အမျိုးသားညီညွတ်ရေး ရရှိလာပြီး အမျိုးသား ညီညွတ်ရေးအားကြောင့် တိုင်းပြည်တည်ဆောက် ရေးတွင် အားလုံးပါဝင်နိုင်ကြခြင်းဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်သည်။

Leave a Reply