တီဗီရုပ်သံများကလာသည့် ကုရာ နတ္ထိဆေးမရှိ စာတမ်းလေးကို ကြည့်ပြီး သူ အရမ်းငိုခဲ့ရသည်။ သည်လိုရောဂါဖြစ်လာဖို့ စိတ်ကူးထဲတောင် မတွေးမိဖူးဘူးဟု HIV Positive ရောဂါသည် အသက် ၃၇ နှစ်အရွယ်ရှိ ဒေါ်ဝါဝါက (အမည်လွဲ) တိုးညင်းစွာ ပြောပြနေသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်က ခင်ပွန်းဖြစ်သူထံမှ ကူးစက်ခံခဲ့ပြီး ကူးစက်ခံရချိန်တွင် ၄ နှစ်အရွယ် သမီးလေးတစ်ယောက် နှင့် လူမဖြစ်လာသေးသည့် သမီးငယ်လေး ကိုယ်ဝန်ကို လွယ်ထားရသည်ဟု သူက ပြန်ပြောင်းပြောပြသည်။

သမီးငယ်လေးမွေးပြီး သုံးနှစ်အကြာတွင် စစ်မှုထမ်းဟောင်းဖြစ်သူ ခင်ပွန်းသည်က ထိုင်းတွင် အလုပ်သွားရှာမည်ဟုပြောကာ ထွက်သွားပြီးနောက် ယခုထက်တိုင်ပြန်လာခြင်းမရှိဘူးဟု ဒေါ်ဝါဝါက ဆိုသည်။

လက်ရှိတွင် မော်လမြိုင်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင်ရှိသည့် နေအိမ်တစ်လုံး၏ဘေး အလျား ၇ ပေ အနံ ၂၀ ပေ အဖီလေးတွင် တစ်လ ၃၀၀၀၀ ကျပ်ပေး၍ ငှားနေသည်မှာ ခြောက်နှစ်ကျော် ကြာမြင်ခဲ့ပြီဖြစ်သည်။

ခင်ပွန်းသည်မရှိသည့် နောက်ပိုင်းတွင် ရေးမြို့မှထွက်သည့် ပင်လယ်ထွက် ပစ္စည်းဖြစ်သည့် ပုစွန်ခြောက်များကို မော်လမြိုင်တွင် ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာသည်မှာ သမီးကြီးပင် ၁၀ တန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

HIV/ AIDS ရောဂါဖြစ်သည့် လူတစ်ဦးသည် ပတ်ဝန်းကျင်၌ နေထိုင်ရာတွင် အခက်အခဲများရှိနေ၍ လူအမျိုးမျိုး စိတ်အထွေထွေ စကားပုံအရ လူအများ၏ ကဲ့ရဲ့ ဝေဖန်ရှုတ်ချမှုများလည်း ကြုံတွေ့နေကြရသည်။

“စဖြစ်ဖြစ်ချင်း ငါတော့ သေပြီးဆိုပြီး ဖြစ်သွားတယ်၊ အိမ်ထဲမှာပဲ တစ်ပတ်လောက် ခွေပြီးနေခဲ့တယ်၊ ပတ်ဝန်းကျင်ကိုလည်း ရင်မဆိုင်ရဲဘူး၊ သမီးရဲ့ မျက်နှာလေးကို ကြည့်ပြီး နေနေလိုက်တယ်”ဟု မဝါဝါက သူကြုံတွေ့ခဲ့သည့် ဘဝအကြောင်းကို ပြောဆိုနေသည်။

ရောဂါဖြစ်သွားပြီးမှန်း သိလိုက်ရသည့် အချိန်တွင် မိမိကိုယ်ကို သေပြီးဆိုသည့် အသိစိတ်က ဝင်လာ၍ သမီးကြီးကိုလည်း မိဘမဲ့ ဖြစ်သွားမည့်ကို အရမ်းစိုးရိမ်နေခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

သာမန်လူတစ်ဦးသည် HIV/ AIDS ရောဂါဖြစ်နေသူတစ်ဦးနှင့် အတူတူသွား၊ အတူတူလာ၊ အတူတူ စားသောက်ရန်ပင် ကြောက်ရွံ့စိုးရိမ်သည့် စိတ်ကလေး ဖြစ်ပေါ်နေကြသည်မှာ မလွဲမသွေပင်ဖြစ်သည်။

သို့သော် ဒေါ်ဝါဝါနှင့် ခင်ပွန်းသည်တို့သည် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ်ချခြင်းအပြင် မိသားစုဝင်များ၏ ခွဲခြားနှိမ့်ချမှုများလည်း ခံစားခဲ့ရသည်။
“ကိုယ့်မိဘ ကိုယ့်မောင်နှမက အစခွဲခြားတော့ ငိုခဲ့ရတာပေါ့၊ အစားအသောက်တွေ အဝတ်အစားတွေကအစ ခွဲခြားမှု ဖြစ်လာတယ်”ဟု မဝါဝါက ဆိုသည်။

မိဘမောင်နှမများ ခွဲခြားဆက်ဆံမှုများကြောင့် မဝါဝါတို့ လင်မယားနှစ်ယောက်သည် မိသားစုများနှင့် ခွဲထွက်လာနိုင်ရေးကို ကြိုးစားခဲ့ကြသည်။
ဒေါ်ဝါဝါတို့ လင်မယားနှစ်ယောက်သည် မိသားစုမှ ခွဲထွက်လာချိန်တွင် ၄ နှစ်အရွယ် သမီးတစ်ယောက်နှင့် လူလား မမြောက်သေးသည့် လသား ကိုယ်ဝန်လေးကို လွယ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ရန် မိဘအိမ်ပေါ်မှ အပြီးအပိုင် ဆင်းလာခဲ့ကြသည်။

သို့သော် မိဘ အိမ်ကဆင်းလာပြီးနောက် မကြာမီကာလမှာပင် ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းခံခဲ့ရပြီး တစ်ယောက်တည်း ရုန်းကန်ခဲ့ရသည်။
“ပထမတော့ အစ်မ သူ့ကို တအား စိတ်ဆိုးတယ်၊ ငါ့ကို သမီးနှစ်ယောက်နဲ့ ပစ်သွားလေခြင်းဆိုပြီး၊ နောက်မှ ပြန်တွေးလိုက်တယ်၊ သူမရှိလည်း သမီးတွေအတွက် ငါ ကြိုးစားရဦးမယ်ဆိုတာကို သိသွားတယ်”ဟု ဒေါ်ဝါဝါက ပြောဆိုသည်။

အမျိုးသား ပြန်တွေ့ခဲ့ပါက စိတ်ဆိုးမှု၊ ဒေါသထွက်မှု၊ နာကြဉ်းမှု တစ်ခုမျှ ရှိသွားမည်မဟုတ်ဘဲ ပြန်နှုတ်ဆက်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူမရှိတော့ အစ်မ နည်းနည်းတော့ ပင်ပန်းတယ်၊ ဒါပေမယ့် သမီးမျက်နှာလေးတွေ ကြည့်ပြီး ခွန်အားလေးတွေ ပြန်ဖြစ် စေတယ်”ဟု ၎င်းက ဆိုသည်။
အမျိုးသမီးတစ်ယောက်ထဲ အလုပ်လုပ်ကိုင်ရာတွင် လောကဓံ၏ ရိုက်ပုတ်မှုဒဏ်ကို ခံခဲ့ရပြီး ယောက်ျားသားမရှိ၍ အလုပ်လုပ်ရာတွင် အခက်အခဲများ ကြုံတွေရသည်ဟု ၎င်းက ပြောသည်။

“ပုစွန်ခြောက် အိတ်တွေက အစ်မ တစ်ယောက်ထဲ မနိုင်ဘူး၊ မနိုင်တော့ အလုပ်သမားငှားရတယ်၊ ငှားတော့ မတန်တဆ တောင်းကြတယ်၊ အဲဒီမှာ အလုပ်သမားတွေနဲ့ စကားအချေအတင်တွေ ဖြစ်ကြတယ်”ဟု ဒေါ်ဝါဝါက ဆိုသည်။

ဒေါ်ဝါဝါသည် ရေးမြို့ကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်လောက် ပုစွန်ခြောက် ပစ္စည်းများကို သွားရောက် ဝယ်ယူ ရောင်းချ လျက်ရှိသည်။
ပုစွန်ခြောက် ရောင်းချမှုမှ ရရှိလာသည့် အမြတ်ငွေများကို မိသားစု သုံးဦး၏ စားဝတ်နေရေးနှင့် သမီးနှစ်ယောက် ပညာရေးအတွက် အသုံးပြုလျက်ရှိသည်။

သမီးနှစ်ယောက်အနက် သမီးကြီးသည် ယခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားသည်။
ဒေါ်ဝါဝါသည် သမီးကြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ရေးအတွက် ကျူရှင်စရိတ်များ၊ ကျောင်းစာအုပ်ဖိုးများကို နေပူမရှောင် မိုးရွာမရှောင် အတတ်နိုင်ဆုံး ကြိုးစားရှာဖွေ ထောက်ပံ့လျက်ရှိသည်။

“ကြိုးစားပြီး သူ့ကို ကျောင်းထား ထားတာ ဖြစ်တယ်၊ အစ်မမှာ အကြွေးတွေလည်း ရှိတယ်၊ ကျောင်းနဲ့ ကျူရှင်မှာလည်း မျက်နှာ မငယ်ရအောင် စာအုပ်ဖိုးဆိုလည်း စာအုပ်ဖိုး တတ်နိုင်အောင် လုပ်ပေးနေတယ်”ဟု ဒေါ်ဝါဝါက ဆိုသည်။

သမီးကြီး၏ ရည်မှန်းချက်အတိုင်း လေယာဉ်မယ် တစ်ယောက် ဖြစ်စေချင်ကြောင်း၊ လေယာဉ်မယ် ဝတ်စုံလေးကို သမီးကြီး ဝတ်ဆင်ထားမှုကို မြင်တွေ့ချင်ကြောင်း ပြောဆိုလိုက်သည်နှင့် ဒေါ်ဝါဝါ၏ မျက်ရည်များ ပါးပြင်ညင်းပေါ်သို့ ဖြည်းညင်စွာ ကျဆင်းလာသည်။
သမီးကြီးအပေါ်ထားသည့် မျှော်လင့်ချက်အပြင် သမီးငယ်လေး အပေါ်ထားရှိသည့် ရည်မှန်းချက်များလည်း ရှိနေပြန်သည်။

“သမီးငယ်ကျတော့ သမီးကြီးထက် စာလည်းတော်တယ်၊ အခုလေးတန်းမှာ A တွေကြီးပဲ အကုန်ရတယ်၊ မြို့နယ်မှာလည်း English စာ ပြိုင်ပွဲမှာလည်း ဖြေခွင့်ရခဲ့တယ်၊ သူက စာလည်း တော်တယ်၊ သမီးငယ်ကို မေးလိုက်တိုင်း သမီးဘာဖြစ်ချင်လဲဆို ဆရာဝန်မကြီး ဖြစ်ချင်တယ်လို့ အမြဲပြောတယ်”ဟု ဒေါ်ဝါဝါက ပြောဆိုသည်။

ထို့အပြင် သမီးငယ်လေး ဝါသနာပါသည့် အဆိုတော် တစ်ယောက် အဖြစ်လည်း မြင်တွေ့ချင်နေသည့်အပြင် သမီးငယ်လေးကို အောင်မြင်သည့် အနုပညာရှင် တစ်ယောက်ဖြစ်အောင် ကူညီထောက်ပံ့ပေးချင် နေပြန်သည်။

မဝါဝါသည် သမီးနှစ်ယောက်အတွက် လောကကြီးကို ရုန်းကန်ရှင်သန် ကြိုးစားရာတွင် ဈေးရောင်းမကောင်းသည့် နေ့များ၌ စိတ်ဓာတ်ကျဆင်းမှု ဖြစ်ပေါ်လာခဲ့သော်လည်း သမီးနှစ်ယောက် ဒုက္ခရောက်မည်ကို စိုးရိမ်၍ မိမိကိုယ်ကို စိတ်ဓာတ်ပြန် မြှင့်တင်နေရသည်။

“အခုကကျတော့ သမီးတွေရဲ့ ခွန်အားကြောင့်ပဲလား ကိုယ်ကို ယုံကြည်မှု ရှိလို့လားတော့ မသိဘူး၊ ငါသေရမယ်ဆိုတဲ့ အတွေးကို မတွေးတော့ဘူး၊ ငါလုပ်မယ် ငါလုပ်မှ ငါသမီးတွေ လောကကြီးမှာ မျက်နှာမငယ်ရမှာလို့ပဲ စဉ်းစားမိတယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်ဝါဝါသည် သမီးနှစ်ယောက်အတွက် ကြိုးစားရုန်းကန် ရှာဖွေနေသော်လည်း တစ်ဖက်တွင်လည်း မေတ္တာဆုံဆည်းအဖွဲ့၌ စေတနာ ဝန်ထမ်းတစ်ယောက် အဖြစ် HIV / AIDS ရောဂါရှိနေသူများကို နှစ်သိမ့် ဆွေးနွေးမှုများအတွက် လိုက်လံ ဟောပြောလျက်ရှိသည်။

“အဓိကကတော့ စိတ်ဓာတ်ပဲ၊ စိတ်ဓာတ်ကျနေရင်တော့ ဘာပဲစားစား လုံးဝ လန်းဆန်းလာမှာ မဟုတ်ဘူး၊ စိတ်ဓာတ် မကျဖို့တော့ လိုတယ်”ဟု မဝါဝါက ဆိုသည်။

HIV/ AIDS ရောဂါ ရှိသူများသည် စနစ်တကျ နေထိုင်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မှန်မှန် လုပ်ခြင်း၊ ဆေးပုံမှန် သောက်ခြင်း၊ အစားအသောက် မှန်မှန်စားခြင်းတို့ကို အမြဲ မပြတ်လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းလေသည်။

ART ဆေးကို လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က စတင် သောက်သုံးခဲ့ပြီး၊ ဆေးသောက်ချိန်ကို ပုံမှန် နံနက် ၈ နာရီတွင် သောက်လေ့ရှိကြောင်း မဝါဝါက ပြောသည်။

HIV / AIDS ရောဂါ ဝေဒနာရှင်များအတွက် ART ဆေးကို ကျန်းမာရေး ဦးစီးဌာနအပါအဝင် နိုင်ငံတကာ ပြင်ပ အဖွဲ့အစည်းများဖြစ်သည့် IOM ၊ AFXB ၊ Consortium အဖွဲ့အစည်းများတွင် အပတ်စဉ် ထုတ်ပေးလျက်ရှိနေသည်။

ART ဆေးသည် HIV / AIDS ရောဂါဖြစ်ပွားသည့် လူကို ပါဝင်သည့် ဆေးအမျိုးအစား သုံးမျိုးပေါင်းစပ် တိုက်ကျွေးရသည့် ဆေးတစ်မျိုးဖြစ်ပြီး၊ HIV ရောဂါပိုးရှိသူများ စွဲမြဲသောက် သုံးသွားပါက လူသက်တမ်းစေ့ နေနိုင်သည့် ဆေးတစ်မျိုးဖြစ်သည်။

HIV/ AIDS ရောဂါပိုးကို လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူ၏ သွေးသွင်းမိခြင်း၊ ဆေးထိုးအပ်မှ တဆင့် ကူးစက်မိခြင်း၊ ရောဂါ ပိုးရှိသူ မိခင်မှ မွေးဖွားလာသည့် သာသမီးများကို ကူးစက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

ရောဂါ ကူးစက်မှုတွင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ဖြစ်ပွားမှုသည် အများဆုံး ဖြစ်နေကြောင်း မွန်ပြည်နယ် ကာလသားရောဂါနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသူက ဆိုသည်။

လက်ရှိတွင် HIV /AIDS ရောဂါ ဖြစ်ပွားမှုတွင် ၂၀၁၆ ခုနှစ်အကုန် စာရင်းများအရ ရောဂါဖြစ်ပွားသူ ၄၀၀၀ နီးပါး ရှိနေ၍ မိခင်မှ သားသမီးများသို့ ကူးစက်မှုတွင် မိခင် ၄၆ ယောက်အား စစ်ဆေးကြည့်ရာ ရောဂါဖြစ်ပွားသူ တစ်ဦး၊ ပိုးမရှိသူ ၄၃ ဦး၊ အဖြေမထွက်သေးသူ နှစ် ဦးရှိကြောင်း ၎င်းက ပြောသည်။

ကူးစက်မှုများအနက် လိင်ဆက်ဆံခြင်းမှ ရောဂါဖြစ်ပွားခဲ့သည့် ဒေါ်ဝါဝါသည် HIV / AIDS ရောဂါပိုး CD4 ၁၀၀၀ ကျော်အထိ တက်ခဲ့ဖူူးသည့် လူတစ်ယောက်ဖြစ်သည့်အပြင် စိတ်ဓာတ် ကြံ့ခိုင်မှုများကြောင့် လောကကြီးကို အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ရပ်တည်နိုင်သူ တစ်ဦးဖြစ်နေသည်။

ထို့အပြင် ဒေါ်ဝါဝါသည် သမီးနှစ်ယောက် ရှေးရေးအတွက် လူအများစုက သေလူအဖြစ် သတ်မှတ်ထားသည့် ရောဂါကို တွန်းလှန်ပြီး ရည်ရွယ်၊ ရည်မှန်း၊ မျှော်လင့်ချက်များစွာ ရှိနေပြန်သည်။

“အစ်မ နေရင်းနဲ့ တွေးမိတာက ၁၀ ပေဖြစ်ဖြစ် ၅ ပေပဲ ဖြစ်ဖြစ် အိမ်ပိုင် တစ်လုံး လောက်လိုချင်တယ်၊ အဲအိမ်မှာ သမီးတွေနဲ့လည်း အတူတူ နေသွား ချင်သေးတယ်”ဟု ဒေါ်ဝါဝါက သူ၏ မျှော်လင့်ချက်ကို ပြောပြလေသည်။

Written by – ဇော်ထိုက်

Leave a Reply