Advertisements

မြေနီကုန်းအဝေးပြေးယာဉ်ရပ်နားစခန်းဆီမှ ခရီးသည်တစ်ဦးနှင့် ခရီးဆောင်အိတ်တစ်လုံးကို သယ်ပိုးလာသော တရုတ်ပြည်ထုတ် ဆိုင်ကယ်အစုတ်လေးမှာ မြေနီကုန်း ကုန်းတက်ကို ဖြတ်သန်းစဉ် အမောဖောက်နေသည့် လူနာကဲ့သို့ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ သန်မြန်သူ ဆိုင်ကယ်တက္ကစီလိုင်းအကျႌ ကို ဆင်မြန်းထားသော တက္ကစီသမားက စုတ်ပေမဲ့ လှုပ်နေဆဲဖြစ်သည့် သူ့ဆိုင်ကယ်လေး၏ သန်မြန်မှုအပေါ် အပြည့်အဝယုံကြည့်ထားပုံရသည်။

နံပါတ်တစ်ဂီယာသို့ ပြောင်းချိန်းလိုက်သည့်တိုင် အသံသာကျယ်လာပြီး အမြန်နှုန်းက ဒုံရင်းအတိုင်း။ သူကဖြင့် အေးအေးလူလူပင် စကားပြောမပျက်။
“အိမ်မှာယိုးဒယားဆိုင်ကယ်တစ်စီးရှိတယ်။ တမင်တကာ ဒီတရုတ်ဘီးအစုတ်လေးနဲ့ ထွက်ဆွဲတာပါ။ အလုခံရရင်လည်း အစုတ်ဆိုတော့ ဒိုးပေါ့ဗျာ။ ညအချိန်မတော်ဆိုတာ အလုခံရတတ်တယ်။ မနေ့ကပဲ တစ်စီးပါသွားပြီ။ မြိုင်သာယာဘက်ကို လိုက်ရင်လုတဲ့သူတွေက လူပြတ်ပြီးမှောင်တဲ့နေရာမျိုးမှာ လုကြတာ။ မလိုက်ရင်လည်း အလုပ်မဖြစ်ဘူး အဲဒီဘက်က ခရီးသည်အရများတယ်လေ“ ဆိုင်ကယ်အစုတ်ဖြင့် အလုပ်လုပ်နေရခြင်းအပေါ် ဋီကာချဲ့ပြနေခြင်းဖြစ်သည်။ သူဆိုလျှင် မြေနီကုန်းအဝေးပြေးဝင်း၌ သန်မြန်သူအသင်းဝင်အဖြစ် ညပိုင်းဆွဲနေခြင်းဖြစ်သည်။ အဝေးပြေးဝင်းအတွင်း ဂိတ်ထိုးခွင့်ရရေးအတွက် တစ်ညကို ၅ဝဝ ကျပ်ပေးရ၏။ တစ်ခုကောင်းသည်မှာ မြေနီကုန်းအဝေးပြေးဝင်းအတွင်း ဂိတ်ထိုးခွင့်ရရေးမှာ အသင်းတစ်ခုခု၏ တရားဝင်အကျႌနှင့်သာ ပြေးဆွဲခွင့်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်တက္ကစီအသင်း ၆ သင်းရှိသည့်အနက် မည်သည့်အသင်းမှ ဝင်မထားသော တရားမဝင်တက္ကစီ (Black Taxi) များ ပြေးဆွဲခွင့်မပြုခြင်းပင်ဖြစ်သည်။

“တက္ကစီခြောက်သင်းဆိုရာဝယ်“

မော်လမြိုင်မြို့၏ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်သည် ယနေ့ထိအောင် ပြည်သူက ကိုယ့်အားကိုယ်ကိုး အလုံးစုံတာဝန်ယူရသော စနစ်ဖြစ်သည်။ ဒေသဆိုင်ရာအစိုးရက သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် စီမံအုပ်ချုပ်ခြင်းနှင့် အခွန်ကောက်ခံခြင်းမှတစ်ပါး တစ်စုံတစ်ရာတာဝန်ယူခြင်းမရှိပေ။ မြင်းလှည်း (ဘုံပြတ်) ခေတ်မှသည် ဆိုက်ကား၊ထိုမှတစ်ဖန် ဆိုင်ကယ်တက္ကစီ (သုံးဘီးဆိုင်ကယ်အပါအဝင်) ဟူ၍ ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့သော်လည်း အစိုးရ၏ တာဝန်ယူမှုမှာ နတ္တိမှမရွေ့။ မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီပေါ်လာသည်မှာ ၁၃ နှစ် ခန့်ပင်ရှိပြီဖြစ်ကြောင်း ရွှေစပါးနှံအသင်းမှ နယ်မြေ(၁) စည်းကမ်းထိန်းသိမ်းရေး ဦးကြည်ခိုင်က ပြောသည်။

မော်လမြိုင်တွင် သန်မြန်သူ၊ ရွှေစပါးနှံ၊ ထော့မဲပါ၊ စစ်မှုထမ်းဟောင်း၊ ရာမည၊ သမိန်ဗရမ်းဟူ၍ ဆိုင်ကယ်တက္ကစီခြောက်သင်းရှိသည်။ ထိုအသင်းများအားလုံးသည် စည်ပင်သာယာကို အခွန်ပုံမှန်ဆောင်ကြရသည်။ စည်ပင်ကို ဆိုင်ကယ်လိုင်းများက တစ်နှစ်လျှင် နှစ်ကြိမ် (ခြောက်လတစ်ကြိမ်) အခွန်ဆောင်ကြရပြီး အခွန်ဆောင်ရသောစနစ်မှာ အသင်း၏ အထိမ်းအမှတ်အကျႌတစ်ထည်လျှင် ခြောက်လတစ်ကြိမ်အတွက် ၁,၅ဝဝ ကျပ် ပေးဆောင်ရခြင်းဖြစ်သည်။ ထို့ကြောင့် အကျႌတစ်ထည်အတွက် စည်ပင်ကို ဆောင်ရသော အခွန်နှုန်းမှာ တစ်နှစ်လျှင် ၃,ဝဝဝ ကျပ်ဖြစ်၏။ တက္ကစီတစ်အသင်းကို တရားဝင်ခွင့်ပြုထားသော အကျႌအရေအတွက်မှာ အထည် ၅ဝဝ ဟု သိရသည်။ ခြွင်းချက်အနေဖြင့် သန်မြန်သူလိုင်းကို အထည် ၁,၅ဝဝ ခွင့်ပြုထားသည်ဟု ဦးကြည်ခိုင်က ပြောသည်။ သို့သော် အမှန်တကယ်မည်ရွေ့မည်မျှ ရိုက်ထုတ်ရောင်းချနေသည်ကို မည်သူကမျှ စစ်ဆေးခြင်းလည်း မရှိကြောင်း သူကဖြည့်စွက်ပြောပြန်သည်။ ဤသည်မှာကား အသင်းများမှ စည်ပင်သို့ ပေးဆောင်ရသော အခွန်တည်း။

အသင်းများသို့ အသင်းသားများမှာ ပေးဆောင်ရသော လစဉ်လိုင်းကြေးက ပုံစံတစ်မျိုးဖြင့်တည်ရှိနေပြန်သေး၏။ အသင်းမှ စည်ပင်သို့ အကျႌတစ်ထည်အတွက် ခြောက်လစာကို ၁,၅ဝဝ ကျပ်ပေးဆောင်ရချိန်တွင် ထိုအခွန်ကိုပင် အသင်းသားများက တစ်လစာအတွက် ၂,ဝဝဝ ကျပ်နှုန်းဖြင့် အသင်းသို့ ပေးသွင်းရသည်။ အသင်းသားများ၏ အိတ်ကပ်ထဲမှာ တစ်နှစ်စာအတွက် လိုင်းကြေးငွေ ၂၆,ဝဝဝ ထွက်သွားတိုင်း စည်ပင်သို့အခွန်ငွေအဖြစ် ၃,ဝဝဝ ကျပ် အဖြစ်စာရင်းဝင်သွားကြောင်း ဆိုင်ကယ်တက္ကစီ ယာဉ်လုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။ ထိုမျှမကသေး ဆိုင်ကယ်ယာဉ်အသင်းအပေါ်မူတည်၍ အကျႌတစ်ထည်၏ ပေါက်ဈေးကလည်း ရှိပြန်သေး၏။ ဟိုတစ်ချိန်ကဆိုပါမူ သန်မြန်သူလိုင်း၏ ဂိတ်ကြီးအကျႌတစ်ထည်ကို နှစ်သိန်းကျော်အထိ ပေးဝယ်ရကြောင်း ရွှေစပါးနှံအသင်း၏ နယ်မြေ (၁) စည်းကမ်းထိန်းသိမ်းရေး ဦးကြည်ခိုင်က ဆိုလေသည်။ ယခုကာလပေါက်ဈေးမှာ ၆၅,ဝဝဝ ဖြစ်ပြီး အခြားတက္ကစီလိုင်းအကျႌများက ၃ဝ,ဝဝဝ ကျပ်ခန့်ရှိကြောင်း တက္ကစီမောင်းနှင်သူများထံမှ သိရသည်။ “ထော့မဲပါ“ တက္ကစီယာဉ်အသင်းတာဝန်ခံ ဦၤးမျိုးမြင့်သူက ပြောသည်မှာ “ကျွန်တော်တို့ ရောင်းတဲ့ တက္ကစီအကျႌက ဂိတ်နဲ့ဆိုရင် ၆ သောင်းခွဲရှိပြီး ဂိတ်ပျောက်မောင်းသူအတွက်ဆိုရင် ၃ သောင်းနဲ့ ရောင်းပါတယ်။ ဂိတ်ပျောက်ဝယ်သွားသူတွေက လစဉ်ကြေးပုံမှန်လာမသွင်းတဲ့သူများတယ်။ ဂိတ်ပျောက်ဆိုတဲ့အတိုင်း တစ်ခါတည်းအပျောက်ရိုက်သွားတာပေါ့“ ဟု ဟာသနှောကာ ပြောပြသည်။ မော်လမြိုင်တက္ကသိုလ်၌ “သန်မြန်သူ“ လိုင်းတွင် တက္ကစီမောင်းနေသူ ကိုကျော်မျိုးက “ကျွန်တော်တက္ကစီမောင်းတာ ၇ နှစ်ရှိပြီ။ သန်မြန်သူ အကျႌဝယ်တုန်းက ၁၂ဝ,ဝဝဝ ပေးရတယ်။ တစ်သိန်းကျော်ပေးဝယ်တာနဲ့ ပတ်သက်ပြီး သန်မြန်သူဂိတ်က ကျွန်တော်တို့ကို ဘာမှလုပ်ဆောင်ပေးမှုမရှိဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့။ အချို့ကိစ္စတွေဆိုရင် ရုံးအဖွဲ့ကော်မတီတွေအနေနဲ့ လိုက်လံဖြေရှင်းပေးသင့်တယ်လို့မြင်တယ်“ ဟု သူ့အမြင်ကို ထုတ်ဖော်ပြောသည်။

“ဂိတ်သုံးဂိတ် ကယ်ရီလေးမျိုး“

တချို့သော တက္ကစီလိုင်းများမှာ အချက်အချာကျသော နေရာများ၌ ကိုယ်ပိုင်ဂိတ်များရှိကြခြင်းကြောင့် “ဂိတ်ကြီးမောင်း”လိုသူများအကြား၌ အကျႌဈေးကောင်းရခြင်းဖြစ်သည်။ နေရာကောင်းတွင် ဂိတ်ထိုးခွင့်ရခြင်းသည် မင်္ဂလာတစ်ပါးပင် မဟုတ်ပါလော။ ထိုသို့မဟုတ်ဘဲ ဂိတ်အတည်တကျမရှိ။ ကြုံရာနေရာတွင် ကြုံသလိုရှာမည်ဆိုပါလျှင် အသင်းဝင်မှန်သော်လည်း “ဂိတ်ပျောက်မောင်း”သည်ဟု ဆိုကြသည်။ အထက်ပါ ကယ်ရီလူသားများသည် တရားဝင်လိုင်းအကျႌနှင့် လစဉ်လိုင်းကြေးပုံမှန်ပေးဆောင်ကြပြီး ဂိတ်အတည်တကျရှိခြင်းနှင့် မရှိခြင်းသာကွာခြားသည်။ ထို့အပြင် တစ်ခြမ်းမှောက်ဘဝဖြင့် မောင်းနှင်နေသော ကယ်ရီလူသားများလည်းရှိပေသေး၏။ သူသည် လိုင်းတစ်ခု၏ အကျႌကို တရားဝင်ဝယ်မောင်းပြီးနောက် လစဉ်လိုင်းကြေးမပေးဆောင်တော့ဘဲ နှစ်ကုန်၍ အကျႌလဲသောအခါ အကျႌတွင် ပါသည့် ခုနှစ်စတေကာကိုခွာကာ တရားဝင်လိုလို မောင်းနှင်နေသူများလည်းရှိသည်။ ထိုသူတို့ကို “စတေကာခွာမောင်းသူ”များအဖြစ် လူသိများကြသည်။ သူတို့မှာကား တစ်ခြမ်းမှောက် Hybrid (နှစ်မျိုးစပ်ကပြား) များဖြစ်ကြပါလိမ့်မည်။ ထိုနောက် မည်သည့်လိုင်းမှ မဝင်ဘဲ ဝေ့စ်ကုတ် (Waist Coat) တစ်ထည်ဝတ်၍ တက္ကစီကယ်ရီသမားမှန်းသိအောင် ပုံမှားရိုက်သူများ၊ ထိုနည်းတူစွာ (ဝေ့စ်ကုတ်ပင် မဝတ်တော့ပါဘဲ) black taxi ဆွဲနေသူများလည်း အထင်အရှားတွေ့နိုင်ပါသည်။ ဤသို့ဖြင့် တက္ကစီကယ်ရီလေးမျိုးလေးစားကွဲပြားလျက်ရှိကြောင်း တက္ကစီလောကမှ ကြားသိရသည်။

ဂိတ်သုံးဂိတ်ဆိုသည်မှာ အသင်းများက ဖွင့်ထားသည့် “အသင်းဂိတ်ကြီး“ ဟူ၍ တစ်မျိုး၊ တရားဝင်အကျႌဖြင့် လစဉ်အခွန်ဆောင်မောင်းနှင်နေသူများက အဆင်ပြေရာနေရာတွင် ဂိတ်မှူးတစ်ဦးတင်မြှောက်ပြီး နားလည်မှုဖြင့် ဖွင့်ထားသော “စုပေါင်းဂိတ်“ ။ black taxi ကယ်ရီများ လူစု၍ ဖွဲ့ထားသော “ရပ်ကွက်ဂိတ်“ ဟူ၍ ရှိကြောင်း ရွှေစပါးနှံမှ ကိုကြည်ခိုင်က ပြောပါသည်။ အသင်းဂိတ်ကြီးတွင် သက်ဆိုင်ရာအသင်းသား ကယ်ရီများသာ ဂိတ်ထိုးခွင့်ရသည်။ စုပေါင်းဂိတ်တွင်မူ လိုင်းပေါင်းစုံမှ တရားဝင်ကယ်ရီသမားများ ရောနှောဂိတ်ထိုးကြပြီး ရပ်ကွက်ဂိတ်ဆိုသည်မှာ အနီးအနားမှ တရားမဝင် (black taxi) များ သီးသန့်ဖန်တီးထားသော ဂိတ်ဖြစ်ကြောင်း သိရသည်။

သို့သော်အများစုသော ဂိတ်များမှာ တရားဝင်မဟုတ်။ နားလည်မှုဖြင့် တည်ရှိနေကြခြင်းဖြစ်သည်။ တရားမဝင်ခြင်းအတွက် အရေးယူမည့်သူလည်းမရှိ။ တာဝန်ယူတာဝန်ခံမည့်သူလည်းမရှိ။ အရာရာအားလုံးကို နားလည်မှုဖြင့် စနစ်တကျတည်ဆောက်ထားခြင်းသာရှိပါ၏။

“ပျောက်ဆုံးနေသော တာဝန်ယူ/တာဝန်ခံမှု“

မြို့တွင်းမြို့ပြင် ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ဆိုင်ကယ်တက္ကစီလုပ်ငန်းသည် အားကောင်းမောင်းသန် ဦးဆောင်ပါဝင်လျက် ရှိပါသော်လည်း တရားဝင်ဆိုင်ကယ်ကယ်ရီသမားများနှင့် စီးနင်းသူပြည်သူလူထုအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့၌ တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ အားအင်ချိနှဲ့ လျက်ပင်ရှိပါသေးသည်။ တချို့သော ဆိုင်ကယ်တက္ကစီလိုင်းများမှာ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းအတွက် ငွေလုပ်စက် (Money Machine) အဖြစ် မွေးဖွားခဲ့ခြင်းဖြစ်သည်။ နိုင်ငံအတွက်လည်းမဟုတ်၊ ပြည်နယ်အတွက်လည်း မဟုတ်ပါဘဲ လူတစ်စုအတွက် ပြည်သူများက ငထွားခါးနာနေရခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ လမ်းပေါ်တွင် နေပူမရှောင် မိုးရွာမရှောင် အန္တရာယ်များကြားမှ ဝမ်းစာရှာဖွေနေရသော ဆိုင်ကယ်တက္ကစီသမားများ၌ တူညီသော ခံစားချက်များ ကိုယ်စီကိုယ်ငှရှိကြပါ၏။

“အခုဖြစ်နေတာက တရားဝင်အကျႌရှိတဲ့သူတွေကို ဖမ်းနေပြီး ဘာအကျႌမှ မရှိတဲ့သူတွေကိုကျ မဖမ်းဘူး။ တကယ်ဖမ်းမယ်ဆိုရင် ဝေ့စ်ကုတ်ဝတ်မောင်းနေတဲ့သူတွေအားလုံးကို ဖမ်းရမှာ။ တက္ကစီသမားအယောင်ဆောင်ပြီး အကျႌအတုဝတ်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုတယ်။ ခရီးသည်တင်ပြီး ယာဉ်မတော်တဆဖြစ်ခဲ့ရင် လိုင်းအကျႌရှိတော့ အဲဒီလိုင်းကိုလိုက်လို့ရတယ်။ အခုဟာက တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်သူကို လိုက်လို့လိုက်ရမှန်းမသိတာတွေ ကျွန်တော်တို့ မော်လမြိုင်မှာ ခဏခဏဖြစ်တယ်။ ဒါမှလည်း ခရီးသည်တွေ အသက်လုံခြုံမှုရှိမယ်။ အာမခံချက်ရှိမယ်။ လိုင်းကြေးပေးသွင်းထားရတဲ့ တက္ကစီသမားတွေ တစ်ခုခုဖြစ်ရင် အကာအကွယ်ပေးဖို့လိုတယ်“ ဟု သန်မြန်သူဂိတ်ပျောက်အကျႌဖြင့် မောင်းနှင်နေသော မဟာမြိုင်ရပ်ကွက်မှ ကိုဖိုးချိုက ပြောသည်။

Black Taxi များအပေါ် ထိရောက်စွာ အရေးမယူနိုင်ခြင်းကြောင့် ပြဿနာဖြစ်ရပုံကို ရာမညဂိတ်တာဝန်ခံ ဦးရဲလွင်အောင်က သုံးသပ်သည်မှာ “Black Taxi တွေ ကြီးစိုးနေတဲ့ အနေအထားမှာ သူတို့တွေက တက္ကစီပါးဝသွားကြတော့ လမ်းဘေးက ဝေ့စ်ကုတ်တွေ ဝယ်ဝတ်ပြီး မောင်းနေကြတယ်။ ခရီးသည်တွေက ဝေ့စ်ကုတ်ဝတ်ထားတာတွေ့တော့ တက်စီးကြတယ်။ အဲဒီမှာမလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တော့ ကျွန်တော်တို့ တက္ကစီသမားတွေ နာမည်ပျက်ရတယ်။ ဒါတွေကို သက်ဆိုင်ရာထိ အကြိမ်ကြိမ်တင်ပြတယ်။ ခုချိန်ထိ စည်ပင်က ဘာမှလုပ်ဆောင်ပေးတာမတွေ့ရသေးဘူး“ ဟု အခွန်နှင့် ညီမျှသော ဝန်ဆောင်မှုမရှိခြင်းအပေါ် ထောက်ပြပြောဆိုခဲ့သည်။

ရွှေစပါးနှံလိုင်းမှ နယ်မြေ (၁) စည်းကမ်းထိန်းသိမ်းရေး ဦးကြည်ခိုင်က သူမောင်းနှင်နေသည့် လိုင်း၏ ကွဲပြားခြားနားသော အခြေအနေကို ဖွင့်ဟပြောခဲ့သည်။ “ကျွန်တော်မောင်းနေတဲ့ ရွှေစပါးနှံမှာက အသင်းဝင်မောင်းသူရဲ့ အိမ်ထောင်စုစာရင်းမှာရှိတဲ့ မိဘတွေ ညီအစ်ကိုမောင်နှမတွေ နာရေးဖြစ်ရင် ဟိုတုန်းက ၇ သောင်း၊ အခုလူများလာတော့ ၃ သောင်းထောက်ပံ့တယ်။ ကိုယ့်မိန်းမကလေးမွေးရင် ၃ သောင်းထောက်ပံ့တယ်။ မော်လမြိုင်မှာ ၆ လိုင်းရှိတယ်၊ ဘယ်လိုင်းမှ ဒါမျိုးမရှိဘူး။ နောက်ကိုယ့်အသင်းသားတွေ တိုက်ခိုက်မှုဖြစ်ရင် နယ်မြေထိန်းတွေက လိုက်ဖြေရှင်းပေးတယ်။ လိုအပ်ရင် ချေးငွေထုတ်ပေးတယ်။ ရွှေစပါးနှံဆိုရင် တ.စ.ည ပါတီဆိုက်က လုပ်တာ။ အသင်းသားတွေကို အကာအကွယ်ပေးဖို့ စည်းမျဉ်းစည်းကမ်းဥပဒေက ဘယ်လိုင်းမှမရှိဘူး။ တရားဝင်လိုင်းအကျႌဝတ်ထားခြင်းအားဖြင့် ခရီးသည်က လိုင်းနာမည်နဲ့ အကျႌနံပါတ်ကို မှဆိထားလို့ရတယ်။ ဝေ့စ်ကုတ်တွေကျတော့ အယောင်ဆောင်ဆိုတော့ တစ်ခုခုဖြစ်ရင် လိုက်လို့မရတော့ဘူး။ ကျွန်တော်တို့လည်း ဝေ့စ်ကုတ်တွေကို အရေးယူဖို့ ခဏခဏပြောတယ်။ မရပါဘူး“
ယနေ့ဆိုင်ကယ်တက္ကစီလောက၌ တရားဝင်မောင်းနှင်နေခြင်းဖြင့် အခွင့်အရေးများဆုံးရှုံးနေပြီး။ တရားမဝင်ရှာဖွေခြင်းဖြင့် တစ်ပန်းသာနေမည်ဆိုပါလျှင် ရေရှည်၌ ကိုတင်ကိုကိုကျော်ကဲ့သို့ ရပ်တည်ချက်ပြောင်းလဲသွားရန် ပြင်ဆင်နေသူများ တိုးပွားလာလိမ့်မည်။ သန်မြန်သူအသင်းအကျႌဖြင့် မောင်းနှင်နေသော ကိုတင်ကိုကိုကျော်က “ကျွန်တော်တို့က တက္ကစီအသင်းအကျႌတွေဝယ်ပြီး လစဉ်ကြေးလည်း ပုံမှန်သွင်းတယ်။ ဒါပေမဲ့ တစ်ခုခုဆို ဒီအကျႌရောင်းတဲ့ ရုံးက ဘာမှဖြေရှင်းမပေးဘူး။ လက်ရှိရှိနေတဲ့ အကျႌတောင်ပြန်အပ်ပြီး ဒီအတိုင်းပဲ တက္ကစီမောင်းဖို့ စဉ်းစားနေပြီ။ ဘာအကျႌမှမရှိဘူး။ ဘာအခွန်မှ မဆောင်လည်း မောင်းလို့ရနေတော့ မောင်းမှာပေါ့“ ဟု နာကြည်းစွာ ပြောကြားသည်။ တရားဥပဒေမစိုးမိုးခြင်းသည် ဥပဒေပြင်ပ၌ နေသူများချောင်လည်၍ ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဒုက္ခများလာ ပင်ပန်းရှာ၏။ ထိုအခါ အလင်းရောင်အောက်၌ နေသူများပင် အမှောင်နယ်ကို အားကျလာလိမ့်မည်။ ထို့အတွက် မည်သူတို့တွင် တာဝန်ရှိပါသနည်း။

မွန်ပြည်နယ်၏ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး မင်းကျော်လွင်က ဆိုင်ကယ်တက္ကစီလိုင်းများဆီမှ အခွန်ကောက်ယူခြင်းကို သူမသိရသေးကြောင်း ပြောသည်။ ထို့နောက် ဆက်လက်ပြောကြားသည်မှာ
“တက္ကစီမောင်းနေသူတွေ များလာတာတော့ သိတယ်။ အခွန်မဆောင်ဘဲ ကော်မတီကဖွဲ့စည်းထားတဲ့ အကျႌဝတ်ဆင်ပြီး တက္ကစီမောင်းနေသူတွေကို စစ်ဆေးအရေးယူမှုပြုလုပ်ဖို့ကိုတော့ ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်ရယူပြီး ဆောင်ရွက်သွားမယ်“ ဟု အတိအလင်းပြောကြားပါသော်လည်း လုပ်စရာအလုပ်များ ပုံအောနေသော ဌာနတစ်ခုဖြစ်ခြင်း၊ သံချေးတက်နေသည့် ဗျူရိုကရေစီယန္တရားအဖြစ် မလုပ်၊ မရှုပ်၊ မပြုတ်အကျင့်စွဲနေကြခြင်းတို့ကြောင့် ဘယ်အချိန်ဘယ်ကာလ၌ အကောင်အထည်ဖော်နိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ပါ။

ခရီးသည်များထဲတွင်လည်း အသိနှင့် သတိယှဉ်တွဲကာ စီးနင်းကြသူများလည်းရှိပါ၏။ ဆိုင်ကယ်တက္ကစီအမြဲငှားစီးလေ့ရှိသော ချောင်းဆုံမှ မညိုညိုမှာ သူကိုယ်တိုင်ဆိုင်ကယ်မစီးတတ်ခြင်းကြောင့် လိုင်းအကျႌဝတ်ဆင်ထားသော တက္ကစီကိုသာ ရွေးချယ်စီးလေ့ရှိသူဖြစ်သည်။ “အချို့တက္ကစီသမားတွေက အရမ်းမောင်းကြတယ်။ နောက်ထပ်ခရီးသည်ခေါ်လို့ရအောင် အရင်လိုပြီးမောင်းကြတော့ ပြုတ်ကျတာဖြစ်ဖြစ်၊ ယာဉ်မတော်တဆမှုပဲဖြစ်ဖြစ် စိုးရိမ်တာပေါ့။ ဒါကြောင့် တက္ကစီအကျႌဝတ်တဲ့ ဆိုင်ကယ်သမားကိုပဲ ငှားပါတယ်“
ကျိုက်မရောမြို့နယ်၊ ကျိုက်ပရံကျေးရွာနေ ဒေါ်ယဉ်အေး၏ အကြံပြုချက်ကို ဖော်ပြပါဦးမည်။ သူက “အကောင်းဆုံးက တက္ကစီသမားအမှန်တွေနဲ့ တက္ကစီအကျႌအထောက်အထားရှိတဲ့ ဆိုင်ကယ်ကို စီးတာပိုသင့်တော်တာပေါ့။ ဒါမှလည်း တစ်ခုခုပြဿနာဖြစ်ရင် တိုင်လို့လွယ်ကူတာပေါ့။ နိုင်ငံတော်ကို အခွန်သွင်းရတယ်ဆိုတော့ ဘာမှမရှိဘဲ တက္ကစီမောင်းတဲ့သူတွေက စိတ်ချရမှုဘယ်ရှိမလဲ။ နိုင်ငံတော်အတွက် အမှန်တကယ်အခွန်ရတယ်။ တက္ကစီတွေလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်အောင် ထိထိရောက်ရောက်ဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်တယ်။ ဒါမှလည်း ငှားစီးတဲ့သူတွေအတွက် လုံခြုံမှုရှိမှာပေါ့“ ဟု သုံးသပ်ထားပါသည်။

“ဟယ်လို…..တက္ကစီ“

အရွယ်ရောက်ပြီးသော အမျိုးသားတိုင်းအတွက် အရင်းအနှီးသိပ်မကြီးဘဲ ဆူလွယ်နပ်လွယ်လုပ်ငန်းကို ပြပါဆိုလျှင် ဆိုင်ကယ်တက္ကစီလုပ်ငန်းမှ တစ်ပါး အခြားပြစရာမရိှပါ။ ပုံမှန်စွမ်းအားစိုက်ထုတ်ရုံမျှဖြင့် တစ်နေ့တာအတွက် ၅,ဝဝဝ မျှ ရရှိနိုင်သည်။ ကိုယ်ပိုင်ဆိုင်ကယ်မရှိလျှင်လည်း ဆိုင်ကယ်ငှားသော နေရာများမှ တစ်နေ့ ၂,ဝဝဝ မျှဖြင့် ငှားရမ်းလုပ်ကိုင်နိုင်သည်။ သို့အတွက်ကြောင့်လည်း တက္ကစီလောကသို့ အရွယ်စုံ၊ ဆိုဒ်စုံ၊ ရောင်စုံအမျိုးသားများ စုပြုံတိုးဝင်လာကြခြင်းဖြစ်သည်။ စနစ်တကျစိစစ်အရေးယူမှုလည်း မရှိခြင်းကြောင့် မောင်းနှင်သူရော၊ စီးနင်းသူများအတွက်ပါ လုံခြုံစိတ်ချရခြင်း အလျဉ်းမရှိ။ သန်မြန်သူအသင်းသား ကိုကျော်မျိုးက
“ခရီးသည်အယောင်ဆောင် တက္ကစီငှားစီးပြီး သတ်သွားတာတွေလည်းရှိတယ်၊ ရိုက်လုတာတွေလည်းရှိတယ်“ ဟုဆို၏။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ခေါင်းဆောင် ဦးသိန်းစိုးကလည်း“အန္တရာယ်က ဘယ်လိုရှိလဲဆိုတာ နယ်ဝေးအငှားစီးသွားရင်း တစ်ယောက်တည်းဆိုတော့ သတ်တာတွေရှိတယ်။ ရာမညနဲ့ ရွှေစပါးနှံမှာ ရှိခဲ့ဖူးတယ်“ ဟု ဆိုလေသည်။ ထော့မဲပါတက္ကစီယာဉ်လိုင်းတာဝန်ခံ ဦးမျိုးသူကလည်း ထိုကဲ့သို့ပင် ပြောပါသည်။ “တက္ကစီသမားတွေ ကြုံတွေ့ရတဲ့ ပြဿနာကတော့ ဓားထောက်ပြီး လုယက်တာတို့၊ လူသတ်မှုတွေတို့ ဖြစ်နေတာပေါ့“ ဟူ၏။

  ယနေ့တက္ကစီလောက၏ မြေပြင်အခြေအနေအမှန်မှာ ခရီးသွားပြည်သူအတွက်လည်း လုံခြုံစိတ်ချရမှုမရှိ။ တက္ကစီကယ်ရီသမားများအတွက်လည်း အားကိုးအားထားပြုစရာ ဥပဒေမရှိ။ အဖွဲ့အစည်းမရှိ။ သို့သော် ကြီးမားလေးလံသော အခွန်အတုတ်များက အထင်အရှားရှိပေ၏။ ထိုအခွန်အတုတ်များကို အမည်အမျိုးမျိုးခံကာ မြိန်ရည်ယှက်ရည်စားသုံးနေသော အဖွဲ့အစည်းများတွင် မည်သို့သော တန်ခိုးအာဏာများရှိနေလေသနည်း။ သူတို့အဘယ်ကြောင့် ခံစားခွင့်ရနေကြပါသနည်း။ ထိုအခွန်ငွေများအတွက် မည်သို့မည်ပုံဝန်ဆောင်မှုပေးနေသနည်း။ ထိုအခွန်ငွေများကို နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဘယ်ကဲ့သို့ အသုံးချနေသနည်း။ သန်းပေါင်းမြောက်မြားစွာသော ငွေပင်ငွေရင်းကြီးမှာ မည်သူတို့ထံ၌ ဂိတ်ဆုံးသွားပါသနည်းဟူသော မေးခွန်းများကို မွန်ပြည်နယ်တွင် မည်သို့သော ပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းက တာဝန်ယူဖြေကြားပေးနိုင်ပါသနည်း။

ဟင်္သာသတင်းအဖွဲ့

 

Advertisements
<

Leave a Reply