မတူညီသော ဘာသာကြီးလေးခုမှ ဘာသာအလိုက် ယဉ်ကျေးမှု ဓလေ့ထုံစံ ကိုးကွယ်သည့် အယူအဆများကို ပေါင်းစပ်ညှိနှိုင်းပြီး မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MINA) မှ HIV-AIDS ဝေဒနာရှင်များအား သက်တမ်းစေ့နေနိုင်ရန် အကူအညီပေးသွားမည်ဟု အသင်းမှူး ဦးကျော်မြင့်က ပြောသည်။

မော်လမြိုင်မြို့ ကြက်ခြေနီခန်းမ၌ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သော လူ့အခွင့်အရေးနှင့် အယူအဆများ သင်တန်းတွင် ဦးကျော်မြင့်က ပြောကြားသွားခြင်းဖြစ်သည်။
HIV-AIDS
“အခုဆိုရင် ရောဂါဝေဒနာခံစားရတဲ့ လူတွေက အများကြီး သူတိုဆိုရင် အခွင့်အရေးတွေ ဆုံးရှုံးတယ်၊ ဒါပေမယ့် အခွင့်အရေး မဆုံးရှုံးအောင် ဒီလူတွေကို ဘယ်လိုကယ်တင်ပြီးတော့ မကူးစက်အောင် ဘယ်လိုလုပ်ရမလဲ၊ အားလုံးကို တန်းတူညီတူ သူတို့ရဲ့သက်တမ်းစေ့ နေနိုင်အောင် အခွင့်အရေးတွေ တန်းတူပေးဖို့အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်”ဟု ၎င်းက ပြောသည်။

သင်တန်းတွင် လူ့အခွင့်အရေး၏ အဓိပ္ပာယ်နှင့် လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်း၊ ပတ်ဝန်းကျင်ရှိ လူ့အခွင့်အရေး အခြေအနေ၊ အစိုးရ၏တာဝန်များစသည်တို့အား သင်ကြားသွားခဲ့ပြီး၊ သင်တန်းကာလမှာ ဒီဇင်ဘာ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာသင်တန်းပဲဖြစ်ဖြစ် လက်လှမ်းမှီသလောက် တက်တဲ့အကျင့်ရှိတယ်၊ သင်တန်းခေါင်းစဉ် မေးပြီးတော့ ပိုစိတ်ဝင်စားသွားတယ်၊ လူ့အခွင့်အရေးနဲ့လည်းဆိုင်တယ်၊ HIV နဲ့လည်း ပတ်သက်ပြီးတော့ အဲလိုမျိုးဆိုတော့ လူထုအတွက် အထောက်အကူဖြစ်မယ် ထင်ပြီးလာခဲ့တာ”ဟု သင်တန်းလာတက်သူ ဦးအောင်ကျော်ညွန့်က ဆိုသည်။

HIV-AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများကို မတူညီသော ဘာသာကြီးလေးခုက ပူးပေါင်းပြီး HIV လူနာများကို ခွဲခြားမှုမရှိဘဲ ဆက်ဆံတတ်ရန် ရည်ရွယ်သင်တန်းပေးခြင်းလည်းဖြစ်ကြောင်း MINA မှ လက်ထောက် ပရောဂျက်မန်နေဂျာ ဒေါ်ခိုင်ဇာလွင်က ပြောဆိုသည်။

Leave a Reply