Advertisements

၂၀၁၉ ဇွန်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် June ဘိလပ်မြေလုပ်ငန်း ကုမ္ပဏီက ဘိလပ်မြေ စက်ရုံကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်မည်ဆိုသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

June Cement Industry Limited အနေနှင့် ကျိုက်မရောတွင် လည်ပတ်မည့် ဘိလပ်မြေစက်ရုံအတွက် ၁၅ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံးလျှပ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ခွင့်ရရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ တင်ပြထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

“လျှပ်စစ်မီး အတွက်ကျောက်မီးသွေးနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကို ၁၅ မဂ္ဂါဝပ် ၂ လုံးပေါ့၊ တင်ထားတယ်၊ ပြည်နယ်အစိုးရကိုရော၊ ပြည်ထောင်စုအစိုးရကိုရောတင်ထားတယ်”ဟု၎င်းကဆိုသည်။

ကျောက်မီးသွေးဖြင့် စက်ရုံလည်ပတ်ခြင်းကို လက်မခံဘဲ ကန့်ကွက်သွားမည်ဟု ဒေသခံများက ပြောသည်။

“ကျောက်မီးသွေးသုံးလို့ MCL ကိုလည်း ကန့်ကွက်ခဲ့တယ်၊ အခုလည်းကျောက်မီးသွေးသုံးမယ်ဆိုတော့ ဒေသခံတွေက ကန့်ကွက်ဦးမှာပဲ၊ လက်ခံမှာ မဟုတ်ဘူး” ဟု ကျိုက်မရောဒေသခံနိုင်ရွှေဝင်းက ပြောသည်။

စက်ရုံကို ကျောက်မီးသွေးဖြင့် လည်ပတ်ခွင့်ရရန် အစိုးရထံ တင်ပြထားကြောင်းကို ဇွန်၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့်ဒေသခတို့နှင့် လူထုရှင်းလင်းပွဲတွင် စက်ရုံအတွက် သုံးစွဲမည့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ဒေသခံတို့၏ မေးမြန်းလာမှုအပေါ် June Cement Industry Limited ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက ဖြေကြားခဲ့သည်။

“လောလောဆယ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ခွင့်ပြုမိန့်မကျသေးလို့ ကျွန်တော်တို့ ဘာမှပြောလို့မရသေးဘူး”ဟု ၎င်းကပြောသည်။

ကုမ္ပဏီအနေနှင့် ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ တူးမြောင်းတူးဖော်ခြင်း၊ ရွှံ့စေးမြေတူးဖော်ခြင်းနှင့် ဂဝံကျောက်တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ လူထုနှင့် ရှင်းလင်းခဲ့ကြောင်း၊
သုံးစွဲမည့်လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍မူ ရှင်းလင်းခြင်း မရှိသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း၌ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားနှင့် တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ထုတ်လုပ်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) စက်ရုံလည်ပတ်လျက်ရှိသည်။

ကျောက်မီးသွေးဖြင့် လည်ပတ်သည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) စက်ရုံသည် ဒေသခံတို့ကန့်ကွက်နေသည့်ကြား၌ပင်၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ စီးပွားဖြစ် ၂၄ နာရီ လည်ပတ်လျက်ရှိသည်။

သတင်းနှင့် မီဒီယာကွန်ရက်

Advertisements
<

Leave a Reply