News Federal Times

ကသာ၊ ဇွန်လ(၅)ရက် ။       ။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဇွန်လ(၄) ရက်၌ လူနေအိမ်(၉)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေရကြောင်း မိုးတားလေးကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။
အဆိုပါ မိုးတားလေးကျေးရွာသည် လူဦးရေ (၉၈၄၀)ကျော်ခန့်နေထိုင်၍ လယ်ယာနှင့် ရေလုပ်ငန်းများကို အဓိ က လုပ်ကိုင်ကြပြီး ဧရာဝတီမြစ်ရေတိုးခြင်းကြောင့် ကမ်းပါးပြိုကျခြင်းအန္တရာယ်ကင်းစေရန် ယခုလိုနေအိမ်များ ဖျက်သိမ်း၍ နီးစပ်ရာဆွေမျိုးများအိမ်တွင် နေထိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
“မနှစ်က(၁၃)အိမ်လောက်ကမ်းပါးပြိုတယ်။ ဒီနှစ်(၉)အိမ်ဖျက်သိမ်းရတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဌာနကနေ ထောက်ပံ့ပစ္စည်းတွေ လာပေးတယ်။ မနက်ဖြန်လည်း ကမ်းပါးနဲ့ ကပ်နေတဲ့ အန္တရာယ်ရှိတယ်ဆိုရင် ဖျက်သိမ်းရမယ်။ ရွာထဲလည်း အိမ်ချင်း အိမ်ကပ်နေပြီဖြစ်လို့ သက်ဆိုင်ရာက နေရာချပေးဖို့ လိုနေပါပြီ။ နေစရာ ခက်ခဲနေကြပါတယ်။” ဟု မိုးတားလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ငွေက ပြောသည်။


ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဖျက်သိမ်းရသော နေအိမ်များကို ကူညီထောက်ပံ့ရေးအဖြစ် ကျားဝတ်ပုဆိုး၊ လုံချည်၊ ဆပ်ပြာ၊ မျက်နှာသုတ်ပုဝါအကြီး၊ တီရှပ်နှစ်ထည် စုစုပေါင်းတန်ဖိုး(၁၀၈၃၁)ကျပ်ရှိ ကူညီထောက်ပံ့ရေး ပစ္စည်း(၆)မျိုးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနနှင့်  မီးသတ်တပ်ဖွဲ့များမှ သွားရောက်ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
“မနက်ဖြန် ထောက်ပံ့ငွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ တွတ်ချက်ပြီး တိုင်းရုံးကို တင်ပြမယ်။ ဆက်လက် ကူညီဖို့ ပါ။ လက်ရှိတော့ အမြန်ဆုံးသွားပြီး လိုအပ်တာလေးတွေကို ကြည့်ရှုအားပေးကူညီကြတာပါ။”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေအောင်က ပြောသည်။
ကသာမြို့ရှိ ဧရာဝတီမြစ်ရေသည် ဇွန်လ(၄)ရက်တွင် (၇၄၃)စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်သည် (၁၁၄၀) စင်တီမီတာဖြစ်ပြီး ဇွန်လ ၅ ရက်တွင် ရေပြန်ကျနိုင်ကြောင်း ကသာမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းထားသည်။

MMK

Leave a Reply