News Federal Times

မော်လမြိုင်ကျွန်း၊ ဇွန် ၅ ရက် ။       ။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့သစ်(၄)ရပ်ကွက်၊ နာဂစ်တန်းခေါ် ဒေသရှိ ကလေးများ  ပညာသင်ကြားရန် စာသင်ကျောင်းမရှိသဖြင့် အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် စာသင်ကျောင်း ဆောက်လုပ် ပေးစေလိုကြောင်း ဒေသခံများထံမှ သိရှိရသည်။
”လမ်းပန်း ဆက်သွယ်ရေးကလည်း တကယ့်ကို အခြေအနေမကောင်းတာပါဗျာ။ (၄)ရပ်ကွက် နာဂစ်တန်း အ တွက် စာသင်ကျောင်းတင်ထားတာကြာပါပြီ။ အခုအချိန်အထိ ကျောင်းမကျသေးတဲ့အတွက် ကလေးတွေ အ တော် ဒုက္ခရောက်နေတာပါ။ ကျောင်းရှိတဲ့နေရာက ဒီနေရာနဲ့ (၁)မိုင်ခွဲလောက်ဝေးတော့ အခက်အခဲတွေ ဖြစ်တာ မှန်ပါ။ အစ်ကိုအနေနဲ့လည်း မူလတန်းကျောင်းဆောင်သစ်လေး အမြန်ချပေးဖို့ ပြောချင်ပါတယ်။”ဟု (၄)ရပ်ကွက် နာဂစ်တန်းမှ အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ပြောသည်။


အဆိုပါ ရပ်ကွက်သည် နာဂစ်မုန်တိုင်းသင့်သူများ စုပေါင်းနေထိုင်ကြသဖြင့် နာဂစ်တန်းဟုလည်း ခေါ်ဆိုကြပြီး  ကျောင်းသား၊ ကျောင်းသူ(၁၃၀)ကျော်ခန့်သည်  တစ်မိုင်ခွဲခန့်ဝေးသည့် ကျောင်းသို့ ရွံနွံထဲမှ ဖြတ်သန်းသွားလာ နေရကြောင်း သိရသည်။
”အစ်ကိုတို့ကလေးတွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းလေး လိုနေပါတယ်။ ဒီနေရာကို နာဂစ်မုန်တိုင်း သင့်ဒေသခံတွေကြီးပဲ စုနေကြတာပါ။ ကလေးတွေ ကျောင်းတက်ရဖို့ ကိုယ်ထူကိုယ်ထ လမ်းလေးတော့ လုပ် နေပေမယ့် ငွေကြေးမတတ်နိုင်လို့ လမ်းကအခုအထိ မပြီးသေးပါဘူး။ လမ်းမကြီးကိုရောက်ဖို့ နွံတောထဲကနေ သွားရတယ်။ အဲဒီလမ်းမကြီးကနေ ကျောင်းရောက်ဖို့ (၁)မိုင်ခွဲလောက် ထပ်သွားရပါသေးတယ်။ ကျောင်းတက် ချိန်မီဖို့ မနက်(၇)နာရီလောက်ထဲက ထွက်ရတယ်။ ဒါ့ကြောင့် ဒီဒေသမှာ ကျောင်းဆောင်လေး ဆောက်လုပ် ပေးဖို့ လိုအပ်နေပါတယ်။”ဟု ဒေသခံ ကိုဆွေက ပြောသည်။
လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ်(၄)ရပ်ကွက် နာဂစ်တန်းတွင် ကျောင်းနေအရွယ် မူလတန်း(၈၆ )ဦး၊ အထက် တန်း( ၅ )ဦး၊ (KG)တန်းမှ ပထမတန်းအထိ စုစုပေါင်း(၃၀)ဦးခန့် ရှိကြောင်း သိရသည်။

MMK     

Leave a Reply