ရေဒီယိုက သတင်းတစ်ပုဒ်ကို နားထောင် အပြီးမှာ သူမ အံ့သြတုန်လှုပ်သွားတယ်။ သူမ အသက်က ၁၇ နှစ်။
လက်နက်ကိုင်လူတစ်စုက သူတို့အိမ်ကို ဝိုင်းပြီး သေနတ်တွေနဲ့ ပစ်ခတ်ကြတယ်၊ မောင်ဖြစ် သူကိုသေနတ်နဲ့ပစ်ခတ်ပြီး ဖခင်ဖြစ်သူကိုဖမ်းဆီးကာ စစ်ဆေးမေးမြန်းမရှိ အင်းစိန်ထောင် ကို ပို့လိုက်ကြတယ်။
“သူတို့က  ဘာပြောသလဲဆိုရင် ကျွန်မတို့ဘက်ကပစ်လို့ သူတို့က ပြန်ပစ်ရတာလို့ပြော တယ်၊ ကျွန်မတို့ကပစ်ရအောင် ကျွန်မတို့မှာသေနတ် တစ်လက်မှမရှိတာ”လို့ ရှမ်းအမျိုးသမီး ကြီး စဝ်ဟေမာသိုက်က ခေါင်းကိုညင်သာစွာ ခါရမ်းရင်း မျက်ခုံးတစ်စုံကိုပင့်တင်ကာ မာန်ပါပါနဲ့ ပြောပြပါတယ်။
တစ်ဆက်တည်းမှာပဲ “အဲ့ဒီမှာ ကျွန်မရဲ့မောင် သေခဲ့တယ်” လို့တိုးလျှတဲ့အသံနဲ့ ပြောပါတယ်။
စဝ်ဟေမာသိုက်ဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သော သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ စဝ်ရွှေ သိုက်ရဲ့ သားသမီး ၁၁ဦးထဲက သမီးတစ်ဦး ဖြစ် ပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ရက်မှာ ဦးနေဝင်း စစ်အာဏာသိမ်းစဉ်က ရန်ကုန်မှာရှိတဲ့ သမ္မတ ဟောင်းစဝ်ရွှေသိုက် နေအိမ်ကို သေနပ်များဖြင့် ပစ်ခတ်ကာ သမ္မတဟောင်း စဝ်ရွှေသိုက်ကို ဖမ်းဆီးပြီး သူ့သားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ အဲ့ဒီ ဖြစ်စဉ်ဟာ တည်ငြိမ်နေတဲ့ သူတို့မိသားစုဘ၀ ပျက် စီးခဲ့ရသလို စော်ဘွားမိသားစုတွေလည်း ဒုက္ခ ရောက်ခဲ့ကြတယ်လို့ စဝ်ဟေမာသိုက်က ပြော ပါတယ်။
စင်စစ်အားဖြင့် အဲ့ဒီဖြစ်စဉ်၊ အဲ့ဒီနေ့ကစလို့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်မှာ ကာလကြာရှည် ဖိနှိပ်ခံခဲ့ရတာ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးသန်းရွှေအစိုးရ လက်ထက် အထိပါပဲ။ ထိုစဉ်က သမ္မတဟောင်းစဝ်ရွှေသိုက် အပါအဝင် စော်ဘွား ၃၃ဦး၊  ဦးနု၊ ဦးဘဆွေနဲ့အတူ အစိုးရ အကြီးအကဲများကိုပါ ဖမ်းဆီးပြီး အကျဉ်းချခဲ့ကြ တာပါ။
“ကျွန်မအဖေ အပါအဝင် စော်ဘွားတွေကို ဦးနေဝင်းအစိုးရက ဒီလိုလုပ်တော့ မကြေ မနပ်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် ဘာတတ်နိုင် မှာလဲ ကိုယ်ကမှ ဘာမှ မလုပ်နိုင်တာ”။
အသက် ၁၅နှစ်အရွယ်ခန့် ရှိတဲ့မောင်ဖြစ်သူ စဝ်စိုင်းဝါးကို သေနတ်နဲ့ပစ်သတ်ပြီး သမ္မတ ဟောင်း စဝ်ရွှေသိုက်ကိုဖမ်းဆီးစဉ်က စဝ်ဟေမာ သိုက် အဲ့ဒီအိမ်မှာ မရှိပါဘူး၊ တောင်ကြီးက လက် ရှိနေအိမ်ကို ရောက်ရှိနေတာကြောင့် အသက် ချမ်းသာရာရခဲ့တာလို့ ပြောပါတယ်။   ညရှစ်နာရီ မှာ မြန်မာ့အသံကထုတ်လွှင့်တဲ့ အာဏာသိမ်း သတင်းကိုကြည့်ပြီး စဝ်ဟေမာသိုက်နဲ့တကွ မိသား စုတွေ အထိပ်တလန့်ဖြစ်ကာ ငိုခဲ့ကြရတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ကာယကံရှင် မိသားစုတွေ ရဲ့အသက်၊ အိုးအိမ်နဲ့ စီးပွားရေးပျက်စီးခဲ့ရုံ၊ တစ် နိုင်ငံလုံး စစ်အာဏာရှင်လက်အောက် ရောက်ခဲ့ ရုံမျှမကဘဲ ဖက်ဒရယ်စနစ် စတင်ပျက်သုဉ်းခြင်း ပါပဲ။ ခွဲထွက်ရေး ခွဲမထွက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်း ပြော ခဲ့ဖူးတဲ့ “ဗမာတွေနဲ့ ဆယ်နှစ်ပေါင်းကြည့်ပါဦး၊ ပေါင်းကြည့်လို့မှ မကြိုက်ရင် ခွဲထွက်နိုင်တယ်” ဆိုတဲ့ နှုတ်ကတိတွေလည်း ပျက်သုဉ်းခဲ့တဲ့နေ့ ပါပဲ။
နယ်စပ် ဒေသများအတွက် နယ်တွင်းအုပ် ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသော သဘောတူညီချက် ၁၉၄၇ ပင်လုံစာချုပ်တွင် ပါဝင်ခဲ့ပါတယ်။
“စစ်အစိုးရ တက်လာတော့ ပင်လုံစာချုပ် တွေ၊ ကတိကဝတ်ဆိုတာတွေကို ဂရုမစိုက်တော့ ဘူးလေ၊ ပင်လုံစာချုပ် အလကားဖြစ်သွားတယ်” လို့ စဝ်ဟေမာသိုက်က ရှမ်းသံဝဲ၀ဲနဲ့ပြောပါတယ်။ စဝ်ဟေမာသိုက်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်တဲ့ အထဲမှာ ဖက်ဒရယ်ကို ပြန်လည်ဖေါ်ဆောင်ပေးတဲ့ တစ်ချက်လည်း ပါဝင်နေပါတယ်။
NLD ပါတီ အစိုးရ တာဝန်ယူပြီးချိန်မှာ ပင်လုံအမည်ကိုပြန်လည် အသုံးချခဲ့ပါတယ်၊ ၂၁ ရာစုပင်လုံညီလာခံလို့ အမည်တပ်ပြီး ညီလာခံ ကျင်းပခဲ့တာ နှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ တိုးတက်မှု အနေနဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ပြည်ထောင်စု အဆင့် သဘောတူညီချက်အနေနဲ့ နိုင်ငံရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွါးရေး ကဏ္ဍ မူဝါဒသဘောတူညီချက် ၁၀ ချက်၊ လူမှု ရေးကဏ္ဍ မူဝါဒ ၄ ချက်၊ စုစုပေါင်း ၃၇ ချက်ကို သဘောတူညီစွာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
သို့သော်လည်း  ပြည်ထောင်စု အစိုးရနဲ့ ဒေသန္တရအစိုးရတွေအကြား အာဏာခွဲရေး ဖြစ် တဲ့ ဖက်ဒရယ်စနစ်ကိုမဆွေးနွေးနိုင်ခဲ့၊ ပေါင်းစည်း ရေးနဲ့ခွဲထွက်ရေးဟာ လွန်ဆွဲပွဲသဏ္ဍာန် အဆင့် သာ ရှိခဲ့ပါတယ်။ တိုင်းရင်းသားတွေဘက်က ခွဲ မထွက်ရဆိုတဲ့ စကားရပ်မထည့်ဖို့နဲ့ တပ်မတော်  ဘက်က တို့တာဝန်အရေးသုံးပါးအရ ခွဲမထွက် ရေးကို ဆုတ်ကိုင်ထားဆဲပါ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသား ကိုယ်စားလှယ်များ ပင်လုံစာချုပ် လက်မှတ်ရေး ထိုးခဲ့စဉ် (၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ရက်)က လက်ရှိအစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဟာ အသက် ၂နှစ် ဝန်းကျင်အရွယ် ဖြစ်သလို သမ္မတဟောင်း စဝ်ရွှေသိုက်ရဲ့သမီး စဝ်ဟေမာ သိုက်ဟာလည်း အသက် ၂ နှစ်ဝန်းကျင် အရွယ် ပါပဲ။
ပင်လုံစာချုပ်ကို လက်မှတ်အတူတကွ ရေး ထိုးခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်များရဲ့ သမီးများ ဖြစ်ပေမဲ့ မတူညီတဲ့ခံယူချက်တွေ ရှိခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီနိုင်ငံရေး နယ် ပယ်မှာ ကျင်လည်ခဲ့ပေမဲ့ စဝ်ဟေမာသိုက်ဟာ ပါတီ နိုင်ငံရေးနဲ့ပတ်သက်ပြီး ခပ်ကင်းကင်းနေ ထိုင်ခဲ့သူပါ။ သူမငယ်စဉ်က ကင်းထောက် အမျိုး သမီးလုပ်ခဲ့ဖူးသလို လူမှုရေးလုပ်ငန်း တွေကိုလည်း  ဝါသနာပါတာကြောင့် ငယ်စဉ်ကတည်းက  ရှမ်း ပြည်နယ် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အသင်း ထူထောင်ကာ ခုထိ အသင်းဥက္ကဌတာဝန်ထမ်း ဆောင်နေတဲ့ အပျိုကြီးတစ်ဦးပါ။
မိသားစုဘ၀ ပျက်စီးခဲ့ရပေမယ့် ဘီအေ ဘောဂဗေဒနဲ့ ဘွဲ့ရတဲ့အထိ ရုန်းကန်ခဲ့တဲ့ စဝ်ဟေ မာသိုက်ဟာ လောလောဆယ်မှာ အမျိုးသမီး စွမ်း ရည် မြှင့်တင်ရေးသင်တန်းတွေ စီစဉ်တာ၊  ရှမ်း စာပေ ယဉ်ကျေးမှုစာအုပ်တွေ ထုတ်တာ၊ ပုံပြင်  စာအုပ် ထုတ်လုပ်တာ၊ စစ်ဘေးသင့် အမျိုးသမီး တွေကို ကူညီထောက်ပံ့တာနဲ့ ရှမ်းစာပေတွေ သင်ကြားပေးတာတွေကို လုပ်ကိုင်နေပါတယ်။ “ကျွန်မမသေခင်အထိ လုပ်သွားမယ်” လို့ပြောပါ တယ်။


အသက် ၉၆နှစ် မှာကွယ်လွန်ခဲ့တဲ့ မိခင် ကြီးဟာ တောင်ကြီးမြို့နယ်ရဲ့ ပညာရေးမှူး တာ ဝန်ထမ်းဆောင်ခဲ့တာဟာလည်း စဝ်ဟေမာ သိုက်ကို ပါတီနိုင်ငံရေးနဲ့ ကင်းကွာစေခဲ့တာပါပဲ
“အမေက ခပ်အေးအေးဘဲနေတာ၊ ကျွန်မ ကလည်း အမေနဲ့ဘဲအတူနေတာဆိုတော့ နိုင်ငံ  ရေးလုပ်ဖို့ စိတ်မဝင်စားဘူး”လို့ ပြောပါတယ်။
မိသားစုဝင်ထဲက၊ ဆွေမျိုးသားချင်းထဲက နိုင်ငံရေးအရ လက်နက်ဆွဲကိုင် တော်လှန်တာ၊ နိုင်ငံခြားကို ပြောင်းရွှေ့နေထိုင်တာမျိုးတွေ ရှိခဲ့ ပေမယ့် အဲ့ဒီလူတွေကို သူတို့ ဆက်သွယ်ခဲ့ခြင်း မရှိတဲ့အထိ နိုင်ငံရေးနဲ့ ကင်းကွာခဲ့တယ်လို့ ပြော ပါတယ်။
သမိုင်းဝင် နိုင်ငံ့ခေါင်းဆောင်ဟောင်း မိ သားစုဖြစ်ပေမယ့် သူတို့ဟာ စစ်အစိုးရ အဆက် ဆက်နဲ့လည်း ခပ်ကင်းကင်း နေထိုင်ခဲ့ကြတယ်။ အစိုးရအဆက်ဆက်ကလည်း သူတို့ မိသားစု ကိုအရေးပေး၊ အသိအမှတ်ပြုတာတွေ မရှိခဲ့ပါ ဘူး၊ ပြည်ထောင်စုနေ့ အခမ်းအနားတွေမတက်ရ တဲ့အထိပါပဲ။
“ကျွန်မတို့က သူတို့ အသိအမှတ်မပြုလေ ကောင်းလေပဲ၊ ကျွန်မတို့ကိုယ်တိုင်ကလည်း ဆက် ကို မဆက်သွယ်ချင်ဘူး”လို့ စဝ်ဟေမာသိုက်က တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ပြောပါတယ်။
ယခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ရက်က ပင်လုံမြို့မှာ NLD အစိုးရက ပြုလုပ်ပေးတဲ့ နှစ် ၇၀မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရရှိခဲ့ တာကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို ကျေးဇူးတင်တယ်လ့ို ဆို ပါတယ်။
“ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်က ဂုဏ်ပြုတော့ ဝမ်းသာတာပေါ့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူတယ်။ သြော်.. သူငါ့ကို အသိအမှတ်ပြု ထားပါလားဆိုပြီး”လို့ စဝ်ဟေမာသိုက်က ခေါင်းကို ညင်သာစွာ တဆတ်ဆတ်ညိမ့်ရင်း ပြောပါတယ် “ ဒီပွဲလေး လုပ်ပေးတဲ့ ဒေါ်စုကို ကျေးဇူးတင်လှပါပြီ”။
ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် မကျခင်က ဒေါ်အောင်ဆန်းစုကြည် နဲ့ စဝ်ဟေမာသိုက်တို့ မကြာခဏတွေ့ဆုံခဲ့ကြပေ မယ့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှလွတ်မြောက်ပြီး လက်ရှိ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန် ထမ်းဆောင်ချိန်အထိ ယခုတစ်ကြိမ်သာ တွေ့ဆုံဖြစ်ကြောင်း ပြောပါတယ်။
လူမှုကူညီရေး နယ်ပယ်မှာသာ ကျင်လည် ခဲ့တဲ့ စဝ်ဟေမာသိုက်ဟာ အသက်အရွယ်ကြီးရင့် လာတဲ့ လက်ရှိအချိန်ထိ ဖခင် သမ္မတဟောင်း ပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ အမြဲတမ်းမှတ် ထားကြောင်း ပြောပါတယ်၊ သူ့အဖေပြောခဲ့တဲ့ စကားကို သူကအခုလို မှတ်မှတ်ရရ ပြန်ပြော ပြပါတယ်။ “ပင်လုံစာချုပ်ကို လက်မှတ်ထိုးပြီးပြီ၊ ချစ်ချစ်ခင်ခင်နေကြဖို့၊ သည်းခံကြဖို့၊ ပင်လုံစာချုပ် ကို အကောင်အထည်ဖော်ဖို့က ကိုယ့်ဟာကိုယ် လုပ်ရမယ့် တာဝန်ပေါ့တဲ့”။ မိသားစုကို အဲဒီလို ပြောခဲ့တဲ့ သမ္မတဟောင်း စဝ်ရွှေသိုက်ဟာ ထောင်ကျပြီး ၉လအကြာ (၁၉၆၂ခုနှစ်၊ နိုဝင်ဘာ ၂၁ရက်) အင်းစိန်ထောင်မှာ သေဆုံးခဲ့ပါတယ်။

Leave a Reply