Advertisements

ဘားအံ ၊ ဇန်နဝါရီ 

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ မဲသဝေါ ဒေသ၊ ကျုံထော် ရေတံခွန် အနီး နယ်ခြားစောင့်တပ်( BGF )စခန်းသို့ ဇန်နဝါရီလ ၇ ရက်က K.K.Oခွဲထွက် စောဆန်းအောင်အဖွဲ့မှ ဗိုလ်ဘိခေါင်းဆောင်သော တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျုံထော်ရေတံခွန် BGF စခန်းဆီ လက်နက်ကိုင် ၁၀ဦး လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ကြတာ ဟုတ်ပါတယ်။ သူတို့ပြန်လာတာကို ကျွန်တော်တို့ BGF အဖွဲ့ကော တပ်မတော်စစ်ကြောင်း အဖွဲ့တွေကော လက်ခံကြိုဆိုပြီး သူတို့ကို အခု မြိုင်ကြီးငူမှာ ကျွန်တော်တို့ လက်ခံစောင့်ရှောက်ထားပါတယ် “ဟု နယ်ခြားစောင့်တပ် ကွပ်ကဲရေး တာဝန်ရှိသူ ဗိုလ်ကြီး စောဇော်လင်းက အတည်ပြုပြောဆိုသည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ ခွဲထွက်ထားသော တိုးတက်သော ဗုဒဘာသာ ကရင်တပ်မတော် (ခ) ကလိုထူးဘောအဖွဲ့ (KKO)မှာ ၂၀၁၆ စက်တင်ဘာမှစကာ ယင်းဒေသအတွင်း တပ်မတော်စစ်ကြောင်း၊ BGF တို့နှင့် တိုက်ပွဲများတစ်နှစ်ကျော်ကြာပြန်လည်ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

ယခုလ ၇ရက်က ကျုံထော် ရေတံခွန်အနီး တစ်ဝိုက် လှုပ်ရှားနေသော လက်နက်ကိုင် ၁၀ ဦးမှ အလင်းဝင်ရန် ဆက်သွယ် ကမ်းလှမ်းမှုကို နယ်မြေခံ တပ်မတော်စစ်ကြောင်း BGf နယ်ခြားစောင့်တပ် တာဝန်ရှိသူတို့က လက်ခံကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသေးဘဲ ဆက်လက် ဖြစ်ပွားနေစဉ်အတွင်း KKO အဖွဲ့များဘက်မှ အစုလိုက် လက်နက်ချ အလင်းဝင် လာကြခြင်းမှာ သုံးကြိမ်ခန့် ရှိပြီဖြစ်ကြောင်း BGF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အလင်းဝင်လာသူများမှာ လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၈၂ တောင့်၊ ကျည်အိမ်မျိုးစုံ ကိုးခု၊ ၄၀ မမ ဗုံးသီး သုံးလုံးနှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“အရင်အဖွဲ့တွေ အလင်းဝင်လာတုန်းကတော့ တာဝန်ရှိသူတွေက စစ်ဆေးတယ်။ပြီးတော့ မြိုင်ကြီးငူဆရာတော်ဆီမှာ အပ်တယ်။ တချို့ ဘုန်းကြီး၊ ကိုရင်ဝတ်ပြီး ဆရာတော့်သာသနာပြု အလုပ်တွေ ဝိုင်းလုပ်ခိုင်းတယ်။ တချို့လည်းမိသားစုနဲ့ ပြန်နေကြတယ်။ တိုက်နေတဲ့သူတွေက ကိုယ့်ကရင်အချင်းချင်းပဲ။ မဖြစ်စေချင်တော့ဘူး”ဟု စစ်ဘေးရှောင် ရွာသား စောအချိတ်က ပြောသည်။

အဆိုပါဒေသတွင်းတိုက်ပွဲများကြောင့် ကျေးရွာ ၃၀ကျော်မှ ဒေသခံ ၅၆၀၀ကျော် မှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ဆန်ပြတ်လပ်မှုနှင့် ရိက္ခာအတွက် ပြည်တွင်းပြည်ပ အလှူရှင်များအပေါ် အားထားကာ ကျွေးမွေးစောင့်ရှောက်ထားကြောင်း မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

Written by ရာဟု (ဖားအံ)
ဓါတ်ပုံ ဖြိုးဝေဆက်

Advertisements
<

Leave a Reply