Advertisements

Myanmar Now

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုလုံးကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar)တို့မှာ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားသည့် ကုမ္ပဏီအုပ်စုကြီးများဖြစ်သည်။

မြန်မာပြည်ရှိ ထိပ်တန်းခရိုနီပိုင်ကုမ္ပဏီများသည် တပ်မတော်၏ လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီထောက်ပံ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကုမ္ပဏီနှစ်ခုလုံးသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရန် ငွေကြေးထောက်ပံ့ခဲ့ကြပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာများ ၎င်းတို့နေရပ်ကို ပြန်လာရမည့်အခြေအနေအား အတားအဆီးဖြစ်စေမည်ကို သိလျက်နှင့် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

မြန်မာပြည်၏ထိပ်တန်းကုမ္ပဏီများသည် စစ်တပ်ပိုင် စီးပွားရေးဦးပိုင်(MEHL) နှင့် စီးပွားရေးကော်ပိုရေးရှင်း(MEC) များနှင့် ဆက်နွယ်လျက်လည်းရှိကြောင်း၊ ဥပမာအားဖြင့် KBZ ကုမ္ပဏီ လုပ်ပိုင်ခွင့်ရရှိထားသည့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို႔နယ် ဂျိန်းဖောအောင် ကျောက်စိမ်းတွင်းတွင် စီးပွားရေးဦးပိုင်က ၂၀ ရာခိုင်နှုန်း ထုတ်လုပ်ခွင့်ရရှိထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

အထက်ပါကုမ္ပဏီများအပြင် အေးရှားဝေါလ်ကုမ္ပဏီ၊ ဦးသိမ်းဝေ၏First Myanmar Group of Companies , ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဦးအောင်သောင်းသား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ၊ အေဒင်ကုမ္ပဏီ၊ လွယ်ဟိန်းကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ နှင့် ရွှေသံလွင်ကုမ္ပဏီများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ ထိုကုမ္ပဏီများအနက် အများစုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးဆင်နွှဲရန် တပ်မတော်၏အလှူခံမှုများ ငွေကြေးထည့်ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

Advertisements
<

Leave a Reply