ကရင်အမျိုးသားအစည်းအရုံး နှင့် မွန်ပြည်သစ်ပါတီတို့ လက်ရှိအချိန်တွင် အငြင်းပွားနေသည့်နယ်မြေပိုင်းခြားသတ်မှတ်ရေးကိစ္စနှင့် ပတ်သက်ပြီးထားဝယ်ခရိုင် ရေဖြူမြို့နယ် ရာဖူးကျေးရွာတွင် စက်တင်ဘာလ ၁၁ရက်နေ့က နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်များဆွေးနွေးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ႕တာဝန်ရှိသူများကဟင်္သာမီဒီယာသို့ ပြောကြားသည်။mon-knu-copy

“နယ်မြေကိစ္စတွေကိုဆွေးနွေးပါတယ်”ဟုတပ်မဟာ (၄)KNU မြိတ် -ထားဝယ်ခရိုင်ဆက်ဆံရေးရုံးတာဝန်ခံပဒိုဝင်းခိုင်က ပြောကြားသည်။
စက်တင်ဘာလ ၈ရက်နေ့က တနင်္သာရီတိုင်းရေဖြူမြို့နယ်တွင် နယ်မြေအငြင်းပွား၍ နှစ်ဖက် ပစ်ခတ်မှု
ဖြစ်ပွား ပြီးနောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင်းကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ကြားနယ်နိမိတ်အငြင်းပွား၍ နှစ်ဖက် ပစ်ခတ်မှုများမဖြစ်ပွားစေရန်အတွက် တပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းကာဆက်သွယ်ရေးကော်မတီတစ်ခုကိုဖွဲ့စည်းခဲ့ကြောင်း ၎င်းတို့ကပြောကြားသည်။

အဆိုပါ ကော်မတီတွင် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ဗဟိုကော်မတီဝင် အဆင့်ရှိသူ
သုံဦး နှင့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် အဆင့်ရှိသူသုံးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

မွန်ပြည်သစ်နှင့် KNU နယ်မြေနယ်နိမိတ်ပိုင်းခြားမှုပြဿနာကိုမဖြေရှင်းနိုင်မီပဋိပက္ခများထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ အဆိုပါကော်မတီကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်းမွန်ပြည်သစ်ပါတီကော်မတီဝင် နိုင်အောင်မငေး က ဆိုသည်။

“အရင်တုန်းကဆိုရင် နယ်မြေပိုင်းခြားတဲ့အပိုင်းမှာလည်းသတ်မှတ်ချက်မရှိဘူး၊ နောက်တစ်ချက်ကဆက်သွယ် ရေးကလည်းအားနည်းတယ်၊ ဆက်သွယ်ရေးအားနည်းနေတဲ့အတွက် မထင်မှတ်တဲ့ပြဿနာတွေ ဖြစ်ပေါ်ခဲ့ တယ်၊ ဒီကော်မတီကပိုပြီးတော့ အပြန်အလှန် နားလည်သီးခြားဆက်သွယ်ပြီးမှပဲကင်းကင်းရှင်းရှင်းသွားလာ နိုင်မယ်၊ အရင်လိုပုံစံမျိုးမဖြစ်ဘဲနဲ့ ဒီလိုပုံစံမျိုးနဲ့ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်လေ”ဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်းကြားတွင် နယ်မြေနယ်နိမိတ်စည်းခြားသတ်မှတ်ထားခြင်းမရှိသည့်အတွက် ဆက်သွယ်ရေးအားနည်းခြင်းကြောင့်ယင်းဆက်သွယ်ရေးအဖွဲ့ကိုလိုအပ်ချက်အရဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

“နယ်နိမိတ်ပြဿနာကဗဟိုအဆင့်တွေပဲဖြေရှင်းနိုင်မယ် ၊ အဲဒါကြောင့် ဗဟိုအဆင့်အချင်းချင်းတွေ့ဆုံနိုင်ဖို့ တာဝန်ရှိသူတွေက တင်ပြသွားဖို့ သဘောတူထားတယ်”ဟုမွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် တာဝန်ခံ နိုင်အောင်မငေးကဆိုသည်။

မွန်ပြည်သစ်နှင့် KNU အကြားနယ်နိမိတ်ပိုင်းခြားသတ်မှတ်ခြင်းကိုဗဟိုအဆင့်တွင် ဆောင်ရွက်နိုင်ရန် ခရိုင်မှ ဗဟိုအဆင့်သို့ အမြန်ဆုံးတင်ပြသွားရန်၊ စစ်ရေးပဋိပက္ခ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ နယ်မြေတာဝန်ခံ တပ်မှူးကြီးများ ကြီးကြပ်သွားရန်နှင့် သွားလာလှုပ်ရှားမှုကိုအချင်းအချင်းအသိပေးရန် သဘောတူထားခဲ့ ကြောင်း ၎င်းက ပြောသည်။

KNUအုပ်ချုပ်ရေးနယ်မြေမူလအတိုင်းပြန်လည်ရှိစေရန်ရည်ရွယ်ပြီးKNUအုပ်ချုပ်ရေးနယ်မြေအတွင်း
ပြန်လည်လှုပ်ရှားသွားမည်ဖြစ်ကြောင်းအထက်ပါနယ်မြေရှိကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ရွာသားများထံ သြဂုတ်လ ၂၄ ရက်နေ့က KNU သတ်မှတ်ထားသောလယ်ဒိုစိုးမြို့နယ်မှအတွင်းရေးမှူးက အသိပေးစာပေးပို့ခဲ့ကြောင်းအကြောင်းကြားစာအရသိရသည်။

ယင်းလှုပ်ရှားမှုသည် တိုက်ပွဲကိုရည်ညွှန်းသွားမည်မဟုတ်ဘဲအကြောင်းအရာတစ်ခုခုကြောင့် ဖြစ်ပေါ်လာပါကရွာသားများအနေဖြင့်ကြောက်ရွံ့ထိတ်လန့်ခြင်း၊ရန်လို ခြိမ်းခြောက်ခြင်း၊မောင်းထုတ်ခြင်းမပြုလုပ်ကြောင်း KNU အဖွဲ့အစည်းအနေဖြင့် ကတိပြုပါကြောင်းယင်းစာတွင်ပါရှိသည်။

KNU အကြောင်းကြာစာနှင့်ပတ်သက်ပြီးမွန်ပြည်သစ်ပါတီကမူစက်တင်ဘာလ ၁ရက်နေ့ က KNUထံအကြောင်းကြားစာတစ်စောင် ပြန်လည်တုံ့ပြန်ခဲ့သည်။
အဆိုပါ အကြောင်းကြားစာတွင် KNU၏ သဘောထားသည် နယ်မြေစိုးမိုးခြင်း၊ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်တပ်တည်ကွင်းအတွင်းစစ်လှုပ်ရှားခြင်း၊ တည်ငြိမ်းအေးချမ်းစွာနေထိုင်လုပ်ကိုင်သွားလာနေသော ပြည်သူများအားခြိမ်းခြောက်ထိတ်လန့်စေခြင်းသဘောဆောင်နေကြောင်း ပါရှိသည်။

ထို့အပြင် KNUနှင့် မွန်ပြည် သစ်ပါတီမှ ခေါင်းဆောင်များငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးအကောင်အထည်ဖော်နေသည့် အချိန်ကာလတွင်အောက်ခြေတပ်ဖွဲ့အချင်းချင်းအထင်အမြင်လွဲမှားစေသည့်လုပ်ရပ်များမလုပ်
ဆောင်သင့်ကြောင်းပါရှိသည်။

Leave a Reply