ရန်ကုန်၊ အောက်တိုဘာ ၅ ။ ။ DKBA ခွဲထွက်အဖွဲ့ အနေနှင့် ပြန်လည်ပူးပေါင်းမည် ဆိုပါက ကြိုဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကမ်းလှမ်းချက် အပေါ် DKBA ခွဲထွက် အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ အကြိတ် အနယ် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါ အဖွဲ့မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်သီဟက ပြောကြားသည်။

kloh-htoo-bor-copy

ကရင်ပြည်နယ်အတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော DKBA (ခွဲထွက်) အဖွဲ့ အနေနှင့် ပြန်လည် ပူးပေါင်းမည်ဆိုပါက လက်ခံကြိုဆိုပါကြောင်း ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီး ဖြစ်သည့် KNU က အောက်တိုဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။

သို့သော်လည်း DKBA( ခွဲထွက်) အဖွဲ့၏ (၁/၂၀၁၆) ကြေညာချက် သည် KNU ၏ ရပ်တည်ချက်ကိုဆန့်ကျင် နေသော ကြောင်း ယင်းကြေညာချက်ကို ပြန်လည် ရုပ်သိမ်းရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်သိထားတာကတော့ အခု အဖွဲ့အတွင်းက လူကြီးတွေ ဒီကိစ္စကို အကြိတ်အနယ်၊ ဆွေးနွေးနေတယ်။ သိပ်မကြာခင်မှာပဲ အကြောင်းပြန်မှု တစ်စုံတစ်ရာ ပြုလုပ်လာပါလိမ့်မယ်” ဟု ဦးကျော်သီးဟကဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ထုတ်ပယ်ခံရသည့် ဗိုလ်ချုပ်စောကျော်သက်၊ ဗိုလ်မှူးကြီး စောဆန်းအောင် တို့ ဦးဆောင်ပြီး DKBA (ခွဲထွက်) ကို ဖွဲ့စည်းခဲ့သည်။

စက်တင်ဘာလ အတွင်း DKBA(ခွဲထွက်) အဖွဲ့သည် တပ်မတော်၊ BGF ပူးပေါင်း အဖွဲ့များ နှင့် ကရင်ပြည်နယ် မဲသဝေါဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားထားသည်။

အဆိုပါ DKBA (ခွဲထွက်)အဖွဲ့သည် ယခင် KNU အဖွဲ့မှ ခွဲထွက်ခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်(DKBA) ဟူသော အမည်ကို ပြန်လည်ရယူ ဖွဲ့စည်းခြင်းဖြစ်ဖြစ်သည်။

KNU အပါအဝင် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ တို့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည်။

Leave a Reply