မော်လမြိုင်၊ မေ

ကရင် အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေ မူတရော(ဖာပွန်)ခရိုင်ရှိ တပ်မဟာ (၅) နယ်မြေအတွင်း၌ တပ်မတော်မှ စစ်အင်အား တိုးချဲ့မှုကို ပြန်လည် ရုပ်သိမ်းပေးရန် ကာကွယ်ရေး ဦးစီးချုပ်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း KUNဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မေ ၁၇ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံပြီးနောက် သဘောတူ ညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

“လမ်းဖောက်လုပ်မှုတွေရပ်ဆိုင်းပြီး အဲ့ဒီမှာရှိတဲ့ တပ်တွေကို ပြန်ရုပ်သိမ်းဖို့အတွက်ညွှန်ကြားမယ်လို့ ကျွန်တော်တို့ ကိုပြောတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ထို့ကြောင့် ၎င်းတို့ တပ်များပြန်လည် ရုပ်သိမ်းချိန်တွင် ပစ်ခတ်မှု မဖြစ်ပွားအောင်တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်တစ်ဖက်နှင့် တစ်ဖက်တွေ့ဆုံဆွေးနွေးပြီး ညှိုနှိုင်းအဖြေရှာခြင်းသည်အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းနှင့် ယခုလို ညှိနှိုင်းမှုကြောင့် ယုံကြည်မှု ပိုမို တိုးတက်လာစေသည်ဟု ၎င်းက ဆိုသည်။

KUN နှင့် တပ်မတော် အလွတ်သဘော တွေ့ဆုံပြီးနောက် ခေးပူ-လွယ်မူပလောလမ်းကြောင်း ဖောက်လုပ်မှု ရပ်ဆိုင်းကြောင်းကို မေ ၁၇ ရက်က ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့သည်။

KNU ၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာသွားမည့် ရပ်တည်ချက်အတိုင်း ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားမှာဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်ဘက်ကလည်း KNU ၏ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှုကို နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဟုထုတ်ပြန်သည်။

ထိုသို့ မတွေ့ဆုံခင် ရက်ပိုင်းက တပ်မတော်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ¬စာချုပ် (NCA )ပါ စည်းကမ်းချက်များကို ချိုးဖောက်လာမှု၏ နောက်ဆက်တွဲ တိုက်ပွဲများ ဖြစ်ပွားလာပါက မိမိတို့ တာဝန် မဟုတ်ကြောင်း ကရင်အမျိုးသားလွတ်လပ်မြောက်ရေး တပ်မတော် KNLAမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Written by သက်ပိုင်

Leave a Reply