မော်လမြိုင် စက်တင်ဘာ ၁

ကရင်အမျိုးသားအစည်းအရုံး(KNU ) (ဗဟို)မှ ဗိုလ်မှူးအဆင့်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက အရပ်သားတစ်ဦးကို သထုံမြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်တွင် သြဂုတ် ၃၀ ရက်ညက သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သထုံမြို့မရဲစခန်းထံမှ သိရသည်။

သိမ်ကုန်းရပ်ကွက်၊ ဝါးတောလမ်းရှိ ဟာမိုနီ စားသောက်ဆိုင်တွင် သထုံမြို့နေ အောင်မျိုးသူ (၂၉ နှစ်)အပါအဝင် အမျိုးသား ၅ ဦးတို့ စားသောက်ပြီး ယင်းည ကိုးနာရီခန့်က ဆိုင်မှ ထွက်လာစဉ် တရုတ် (ခ) အောင်သူရိန် (၃၂ နှစ်)ဆိုသူနှင့် အချင်းများ ခိုက်ရန်ဖြစ်ပွားရာမှ တရုတ် (ခ) အောင်သူရိန်က ‘မင်းကလူမိုက်လား’ဟု ဆိုကာ အသင့်ပါလာသည့် သေနတ်ကို မိုးပေါ်ထောင် တစ်ချက်ပစ်ဖောက်ခဲ့ကြောင်း၊ ယင်းနောက် ထပ်မံ၍ ကိုအောင်မျိုးသူကို သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်ကြောင့် အောင်မျိုးသူတွင် လည်ပင်းဖောက်ဝင်သေနတ်ဒဏ်ရာ (စိုးရိမ်ရအခြေအနေ) ရခဲ့သဖြင့် သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ သို့သော်လည်း ဆေးရုံမှ အလှည့်ကျ တာဝန်ခံဆရာဝန်က ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် ညွှန်ကြားချက်အရ ယင်းည ၁၀ နာရီခွဲခန့်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်ပွားခဲ့တဲ့နေရာကနေပြီးတော့ ပစ်ခတ်ခဲ့တဲ့ (PAC-380 AUTO) အမျိုးအစား ကျည်ခွံ (၂) ခုကို သိမ်းဆည်းထားတယ်။ သေနတ်ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရုတ် (ခ) အောင်သူရိန်ကို ဖမ်းဆီးရမိဖို့အတွက် ပိတ်ဆို့ရှာဖွေမှုလုပ်နေပါတယ်။ အမြန်ဆုံး ဖမ်းမိနိုင်ဖို့အတွက်ကိုလည်း လိုအပ်သလို ဆက်စပ်ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ရုံးက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ တင်ပြထားတယ်”ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောသည်။

သို့ဖြစ်၍ တရုတ် (ခ) အောင်သူရိန်ကို သထုံမြို့မရဲစခန်းမှ (ပ) ၇၄၃/ ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇ အရ အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

ခေတ်မင်း

Leave a Reply