မော်လမြိုင်၊ ဇန်နဝါရီ

လိုင်စင်သက်တမ်းတိုးခွင့်ပြုရန်နှင့် တက္ကသိုလ် ဧရိယာအတွင်း ရှိနေခြင်း ဟုတ်မဟုတ် စိစစ်ပေးရန် KTV စားသောက်ဆိုင် လုပ်ငန်းရှင်များမှ တင်ပြထားမှုအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ အဆုံးအဖြတ်ရယူသွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းအစည်းအဝေး တစ်ခုတော့ လုပ်မယ်။ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီးမှသာလျှင် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိတဲ့လူကြီးတွေ က စဉ်းစားဆုံးဖြတ်ပြီးမှ ဘယ်လိုဆောင် ရွက်ရမလဲဆိုတာ အဖြေထွက်မယ်။ KTV လိုင်စင်အားလုံးပိတ်ဆိုပြီးပြောလိုက်တာမဟုတ်ဘူး။ ယာယီဆိုင်းငံ့တဲ့သဘောမျိုး ညွှန်ကြားထားတာ” ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့၊ တက္ကသိုလ်အနီးပတ်ဝန်းကျင်မဟုက်သည့် KTV ကာရာအိုကေ စားသောက်ဆိုင်များ တရားဝင်လိုင်စင်သက်တမ်းတိုး ခွင့်ပြုပေးရန်ဇန်နဝါရီ ၁၇ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူထံသို့ KTV ကာရာအိုကေ စားသောက်ဆိုင်များကို လိုင်စင်သက်တမ်းတိုးခြင်းကို ဆိုင်းငံ့ထားမှုနှင့် ပတ်သက်၍ နိုင်ငံတော်သို့ အခွန်ထမ်းဆောင်နေသော ဆိုင်လုပ်ငန်းရှင်များနှင့် အလုပ်သမားဝန်ထမ်းများအနေဖြင့် နစ်နာဆုံးရှုံးများစွာ ရှိ
နေ၍ ပြန်လည်စိစစ်ပေးရန် မော်လမြိုင်မြို့ပေါ်ရှိ ဆိုင်ပိုင်ရှင် ၂၃ ဦးတို့က လက်မှတ်ရေးထိုးကာ တင်ပြခဲ့ကြောင်း ကာရာအိုကေဆပ်ကော်မတီဥက္ကဌ ဦးလှမြင့်က ဟင်္သာမီဒီယာသို့ပြောဆိုသည်။

“တရားဝင်လုပ်ဆောင်ထားတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အခုလို လိုင်စင်သက်တမ်းတိုးဖို့ ဆိုင်းငံ့ထားတဲ့အတွက် ထိခိုက်နစ်နာဆုံးရှုံးမှု အများကြီးဖြစ်နေရတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ KTV စားသောက်ဆိုင်လုပ်ငန်းများ အနေဖြင့်ပြည်တွင်း အခွန်ဦးစီးဌာနမှ ယစ်မျိုးအခွန်၊ ကာရာအိုကေ လုပ်ငန်းလိုင်စင်အခွန်၊ စည်ပင်သာယာမှ စားသောက်ဖွယ်ရာများ ရောင်းချခွင့် လိုင်စင် အခွန်၊ အလုပ်သမားလူမှုဖူလုံရေးအတွက် နှစ်စဉ်ပေးဆောင်လျက်ရှိကြောင်း ဆိုင်လုပ်ငန်းရှင် ဦးကျော်ထွေးက ပြောဆိုသည်။

“တစ်နှစ်ကို ဆိုင်တစ်ဆိုင်ဆိုရင် နိုင်ငံတော်အခွန် ကျပ်သိန်း ၆၀ ခန့် နှစ်စဉ်ပေးသွင်း ရတာဖြစ်တယ်” ဟု ဆိုင်ရှင်တစ်ဦးဖြစ်သည့် ဦးမိုးဟိန်းကပြောသည်။

ယင်းအပြင် ၎င်းက “သတ်မှတ်စည်းကမ်းချက်နဲ့အညီ ဖွင့်လှစ်ရောင်းချခွင့်ရရှိဖို့နဲ့ တပ်ပြီးလိုအပ်မယ်ဆိုလျင်စည်းကမ်းချက်ထပ်မံဖြည့်စွက် ထုတ်ပေးဖို့နဲ့ သက်တမ်းတိုးဖို့အကြံပြုတောင်း ဆိုချင်တယ်”ဟုလည်းဖြည့်စွက်ပြောဆိုသည်။

မော်လမြိုင် တက္ကသိုလ်သည် ဈေးကြိုရပ်ကွက်နယ် မြေအပိုင်း၌သာ တည်ရှိပြီး ယင်းတက္ကသိုလ်နှင့် အနီးဆုံးရှိသော မြိုင်သာယာရပ်ကွက်ရှိ KTV ကာရာအိုကေစားသောက်ဆိုင်များမှာ ကိုက် ၃,၀၀၀ ကျော်နှင့် ၅,၀၀၀ ခန့်ဖြစ်ကြောင်း၊ အဝေးဆုံးဆိုင်မှာ ကိုက် ၁၀,၀၀၀ အကွာတွင် ဖွင့်လှစ်ရောင်းချ၍ မူးယစ်ဆေးဝါး ပြဿနာနှင့်ခိုက်ရန် ဖြစ်ပွားမှုမရှိစေရေး အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း ဆိုင်လုပ်ငန်းရှင် ဦးဇော်မင်းဦးက ဆိုသည်။

Written by ခေတ်မင်း

Leave a Reply