Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်၊ တက္ကသိုလ်အနီးဝန်းကျင်ရှိ မြိုင်သာယာရပ်ကွက်တွင် KTV လိုင်စင် သက်တမ်းကုန်ဆုံးသွားသော်လည်း အောက်တိုဘာ ၂၄ ရက်နေ့တိုင် ဆက်လက် ဖွင့်လှစ်ရောင်းချနေမှုများ ရှိကြောင်း KTV စားသောက်ဆိုင်လုပ်ငန်းရှင်များက ပြောဆိုသည်။

“သက်တမ်းကုန်တဲ့ဆိုင်တွေက ရှိတာပေါ့။ မနေ့က တစ်ဆိုင်သက်တမ်းကုန်တယ်လို့ကြားတယ်။ ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကလည်း သက်တမ်းကျော်တဲ့ ဆိုင်လည်းရှိတယ်၊ ဒီနေ့အထိဆိုရင် နှစ်ဆိုင်ရှိသွားပြီပေါ့”ဟု KTV စားသောက်ဆိုင်လုပ်ငန်းတစ်ဦးက ပြောသည်။

ယင်း KTV ကာရာအိုကေစားသောက်ဆိုင်များကို လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ထုတ်ပေးခြင်းမပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားမှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီခွဲက လုပ်ငန်းရှင် ၂၄ ဦးကို ခေါ်ယူတွေ့ဆုံပြီး လိုင်စင်ပါ စည်းကမ်းချက်အတိုုင်း လိုက်နာဆောင်ရွက်ရန်နှင့် သက်တမ်းတိုးတင်ပြထားသည့် လိုင်စင်များအားလုံးကို ဆိုင်းငံ့ထားပြီး လိုင်စင်သက်တမ်းကုန်ဆိုင်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောသည်။

“သက်တမ်းလွန်တဲ့ ဆိုင်ရှင်တွေကတော့ သူတို့ဆီကို ပိတ်သိမ်းစာမလာသရွေ့တော့ ဖွင့်နေမယ်လို့ ပြောတယ်”ဟု အဆိုပါအစည်းအဝေးတက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်

သက်မှတ်စည်းကမ်းချက်နှင့် မညီဘဲ တက္ကသိုလ်အနီးဖွင့်လှစ်ရောင်းချနေသည့် KTV ကာရာအိုကေစားသောက်ဆိုင်များအပါအဝင် တရားဝင်လိုင်စင်မရှိဘဲ အရက်၊ ဘီယာ၊ ခေါင်ရည်၊ ထန်းရည်ဆိုင်များကို ပြည်သူလူထုက လာရောက်တိုင်ကြားပါက ထိထိရောက်ရောက်အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

မြိုင်သာယာရပ်ကွက်တွင် ည အချိန်မတော် ဖွင့်လှစ်ရောင်းချနေသည့် KTV စားသောက်ဆိုင် ၉ ဆိုင်ကို စစ်ဆေးတွေ့ရှိခဲ့၍ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှူး ရဲအုပ်တင်ထွန်းဦးက ဆိုသည်။

ယခင်အစိုးရလက်ထက်ကာလတစ်လျှောက်နှင့် NLD အစိုးရသက်တမ်း တစ်နှစ်တာကာလအတွင်း KTV ကာရာအိုကေစားသောက်ဆိုင် လိုင်စင်သက်တိုးခြင်း၊ လိုင်စင်အသစ်ထုတ်ပေးခြင်းများကို စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ယခုအချိန်တွင် ယင်းလိုင်စင်နှင့် ပတ်သက်၍ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လွဲှပြောင်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောဆိုသည်။

“ဒီကေတီဗွီလိုင်စင်နဲ့ပတ်သက်ပြီးတော့ လျှောက်လွှာက ကျွန်တော်တို့ ဗီဒီယိုအခြေခံအဖွဲ့ရုံးကနေ ဝယ်ယူရပြီး ရုံးအဖွဲ့ဝင်တွေက ကွင်းဆင်းစစ်ဆေးထောက်ခံပေးပြီးမှ ပြည်နယ်ပြန်/ဆက်ကို ပြန်တင်ပြတာပါ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားသည့် ကေတီဗွီ ကာရာအိုကေဆိုင်မှာ မော်လမြိုင်မြို့တွင် ၃၂ ဆိုင်၊ ကျိုက်ထိုမြို့တွင် ၁၀ ဆိုင်၊ ဘီးလင်းမြို့တွင် ငါးဆိုင်၊ ချောင်းဆုံမြို့တွင် တစ်ဆိုင်၊ မုဒုံမြို့တွင် ငါးဆိုင်၊ သံဖြူဇရပ်မြို့တွင် လေးဆိုင်နှင့်ရေးမြို့တွင် ၁၄ ဆိုင် စုစုပေါင်း ၇၁ ဆိုင်ရှိကြောင်း မွန်ပြည်နယ်ဗွီဒီယိုအခြေခံ
အဖွဲ့ရုံး၏ ၂၀၁၆- ၂၀၁၇ ခုနှစ် စာရင်းမှတ်တမ်းအရ သိရသည်။

 

Advertisements
<

Leave a Reply