Photo Bo Bo Win

မော်လမြိုင် ၊ မေ ၃၁

မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်ရပ် အိမ်အမှတ် ၇၈ တွင် မေလ ၃၀ ရက်နေ့ ည  ၈နာရီအချိန် က KTV သွားသော ခင်ပွန်း ကို ဇနီးဖြစ်သူက ဓားဖြင့်ထိုးသတ် မှုဖြစ်ပွားခဲ့ကြောင်း မုပွန်ရဲစခန်းထံ မှသိရှိရသည်။

သေဆုံးသူမှာ အသက်၂၇ နှစ်အရွယ် ကိုဇေယျာထွန်းဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တွင် အမှိုက်တင် ယာဉ်မောင်းသူ တစ်ဦးဖြစ်ပြီး ဓါးဖြင့် ထိုးသတ်ခဲ့သူ ဇနီးသည် မှာ အသက် ၃၆ နှစ်အရွယ် မစုမြတ်အေး(ခ)လရိပ်ချိုဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှသိရှိရသည်။

အဆိုပါ ဇနီးမောင်နှံတွင် သမီးတစ်ယောက်ရှိကြောင်းလည်းသိရှိရသည်။

“သေဆုံးသူ ဇေယျာထွန်းက ပြီးခဲ့တဲ့တစ်လလောက်ကတည်းက ဇနီးဖြစ်သူကို ရိုက်တယ် နှိပ်စက်တယ် ဈေးဖိုးလည်းမပေးဘူး ပြီးတော့ သူက KTV တွေ ဘာတွေသွားတယ် နောက်သူ့ကလေးကို မူကြိုကျောင်း ထားဖို့အတွက် ဇနီးဖြစ်သူက ကျောင်းစရိတ်တောင်းတယ် ဒါပေမယ့် သူမပေးဘူး သူပြောတယ် ကလေးကျောင်းထားချင်ရင် ကိုယ့်ကိုဘာသာကိုယ်ရှာဆိုပြီးပြောတော့ ဇနီးဖြစ်သူ စုမြတ်အေးက သည်းမခံနိုင်ဘဲ ရန်ဖြစ်ကြရာ ဇေယျာထွန်းက ရိုက်မယ်လုပ်တော့ ဇနီးကဓားဖြင့်ထိုးလိုက်တယ်”ဟုမုပွန်ရဲစခန်းမှ တပ်ကြပ်ကြီး ဦးအုန်းမြင့် ထံမှသိရှိရသည်။

တရားခံ ဇနီးဖြစ်သူ မစုမြတ်အေးက ယောကျ်ားဖြစ်သူ ဇေယျာထွန်း ကို၁လက်မခွဲခန့်ရှိ ကြက်သွန်းလှီးဓါးဖြင့်ထိုးရာ ရင်ညွန့်တည့်တည့်စိုက်ဝင်သွားပြီး အဆုတ်ထဲလေဝင်၍ သေဆုံးသွားသည်ဟုဆရာဝန်က မှတ်ချက်ချထားသည်။

  • “မနေ့က ၇နာရီခွဲလောက်မှာ သတင်း,စဝင်တယ် ၁၀မိနစ်ကြာတော့မှရောက်တယ် အဲ့ချိန်မှာ လူနာတော့ အသက်ရှိသေးတယ် ဒဏ်ရာကိုအင်္ကျီနဲ့ တစ်လမ်းလုံးဖိထားတယ်ဆိုပေမယ့် လမ်းမှာကတည်းက သွေးခုန်နှုန်းမမှန်တော့ဘူး ဆေးရုံးရောက်တော့ ဆုံးသွားတယ်”ဟုကိုဘိုဘိုဝင်း ဘိုဘိုဝင်းRescue(EMR) အဖွဲ့ က ကိုဘိုဘိုဝင်း ကပြောကြားသည်။

အဆိုပါ အမှုကို သေဆုံးသူ ဇေယျာထွန်း၏ အမတော်စပ်သူ ဒေါ်စန္ဒာအေးက တရားလိုပြုလို၍ မေလ ၃၀ ရက်နေ့ ည ၁၀ နာရီတွင် (ပ)၃၉၄၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Written by စိုင်းထွန်းစံ ၊ လဲ့လဲ့ဝင်း

Leave a Reply