News Federal Times

လားရှိုး၊ ဇွန် ၅ ရက် ။      ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ရေသန့်(၃)မျိုးကို FDA ထောက်ခံချက် မရရှိသေးသည့်အတွက် ထုတ်လုပ် ရောင်းချခွင့် တားမြစ်ထားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ ရေသန့်စက်ရုံကို ကွင်းဆင်းစစ်ဆေးတော့ FDA လည်းပါတယ်။ FDA က ခရိုင်ဦးစီးမှူးကိုယ်တိုင် က သူတို့ရဲ့ FDA ထောက်ခံချက်မရခင်ကာလအတွင်းမှာ ထုတ်လုပ်ရောင်းချခြင်းမပြုဖို့ ညွှန်ကြားခဲ့ပါတယ်။”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန်းကပြောသည်။
လားရှိုးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနထံ ဒေသခံများက တိုင်ကြားခဲ့ရာမှ သွားရောက်စစ်ဆေးကာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုင်ကြားမှုကြောင့် ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးချက်များအ ရ ချမ်းချမ်းနှင့် Life Point ရေသန့်စက်ရုံနှစ်ခုမှာ FDA ထောက်ခံချက် လျှောက်ထားဆဲနှင့် ရွှေအီနိုင်းရေသန့် စက်ရုံမှာ FDA ထောက်ခံချက် လုံးဝမလျှောက်ထားရသေးကြောင်း တွေ့ရှိခဲ့သဖြင့် အရေးယူနိုင်ရန်အတွက် လားရှိုး FDA ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


“ရေသန့်သုံးခုဟာ သက်ဆိုင်ရာဌာနတွေရဲ့ထောက်ခံချက်တွေ၊ ခွင့်ပြုချက်တွေမရရှိသေးဘဲနဲ့ ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတယ်ဆိုပြီး တိုင်ကြားလာတယ်။ သောက်သုံးသူတွေအတွက် အာမခံချက်မရှိဘူး။ ဘေးအန္တ ရာယ်ဖြစ်စေနိုင်လို့ စစ်ဆေးတားဆီးပေးပါလို့ လူကိုယ်တိုင်လာရောက်တိုင်ကြားတဲ့အတွက် စစ်ဆေးဆောင်ရွက် ပေးခဲ့ပါတယ်။’’ဟု ဦးဇော်မင်းသန်းက ပြောသည်။
လားရှိုးမြို့ရှိ ရေသန့်စက်ရုံများထံ ကျန်းမာရေးဦးစီးဌာန၊ FDA၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ လိုင် စင် မရရှိသေးသော၊ FDA ထောက်ခံချက်မရသေးသော ရေသန့်လုပ်ငန်းများအား လိုက်လံစစ်ဆေးသွားမည်ဖြစ် ပြီး စစ်ဆေးတွေ့ရှိပါက FDA က လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

MMK

Leave a Reply