News Federal Times

လားရှိုး၊  မေ (၁၅) ရက် ။      ။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများကြောင့် နယ်မြေလုံခြုံမှု မရှိသဖြင့် ဒေသခံများ တိုက်ပွဲ ရှောင်လာမှုများကြောင့် လက်ဖက်ခူးလုပ်သားများ ရှားပါးလာပြီး လက်ဖက်လုပ်ငန်းရှင်များ အခက်အခဲ  ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တွင် လက်ဖက်လုပ်ငန်းမှာ အဓိကကျသော စီးပွားရေးတစ်ခုဖြစ်ပြီး ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ဖြစ်ကာ ဒေသခံပြည်သူများ တိုက်ပွဲရှောင်နေကြရခြင်းများ၊ လက်ဖက်ခြံလုပ်သားများ မိုင်းနင်းမိသဖြင့် ဆေးကုသမှုခံယူနေရခြင်းများကြောင့် လက်ဖက်ခူးလုပ်သားများ ရှားပါးလာခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မှာက ဖြစ်နေတာတွေက တိုက်ပွဲတွေ၊ လက်ဖက်ခြံသွားတဲ့သူတွေ မိုင်းနင်းပေါက်ကွဲတာတွေဖြစ်နေလို့  လက်ဖက်လုပ်သားတွေက မလာရဲတော့တာလို့ပြောတယ်။ လက်ဖက်ခူးမယ့်လူရှားသွားလို့ အိမ်အထိလိုက်ခေါ် ရတဲ့အထိဖြစ်နေတယ်။ မခူးဘဲထားတော့ အရွက်တွေကရင့်သွားပြီ။ ဒါကြောင့် လက်ဖက်ခူးဖို့လူမရှိတော့ဘူး။” ဟု မိုင်းငေါ့မြို့နယ်ခွဲမှ လက်ဖက်ခြံပိုင်ရှင် ဦးစိုင်းကျော်ရီကပြောသည်။
လက်ဖက်ဈေးကွက်မှာ ပံှမှန်လည်ပတ်ရသော်လည်း လုပ်သားရှားပါးခြင်း၊ လုပ်သားငှားရမ်းခ ဈေးတက်ပြီး လုပ် သား လုံလောက်စွာမရရှိခြင်း၊ လုပ်သားများ အခြားအလုပ်သို့ ရွှေ့ပြောင်းလုပ်ကိုင်နေရခြင်းများရှိကြောင်း သိရသည်။
“လက်ဖက်လာခူးတဲ့လုပ်သားတွေက မြန်မာနိုင်ငံအလယ်ပိုင်းကများတယ်။ ဒီမှာ တိုက်ပွဲဖြစ်တယ်၊ မိုင်းနင်း ပေါက်ကွဲတာတွေကြားလို့၊ ကြောက်လန့်ပြီးမလာကြတာလို့ လက်ဖက်လာရောင်းတဲ့သူတွေကပြောပြလို့ သိရ တာပါ။”ဟု လားရှိုးမြို့မဈေးကြီးအတွင်း လက်ဖက်ခြောက်ရောင်းသူ ဦးချမ်းစိန်ကပြောသည်။
၂၀၁၆ ခုနှစ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လက်ဖက်ခူးလုပ်သား ရှားပါးလာခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ် လက်ဖက်ခူးချိန်တွင် ပိုမိုရှားပါးသွားခဲ့ရခြင်းကြောင့် လက်ဖက်ခြံပိုင်ရှင်များ ပိုမိုခက်ခဲလာရကြောင်း သိရသည်။

MMK

Leave a Reply