မော်လမြိုင်၊ အောက်တိုဘာ ။ ။ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရှိ Long Life Aggregate Mining Co,Ltd ကျောက်မိုင်းကုမ္ပဏီ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အချက်လေးချက် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။

long-light

အဆိုပါညွှန်ကြားချက်များတွင် ရေစီးဆင်းမှု အရှိန်အဟုန်နည်းသည့်နေရာများ၌ နှုံးစစ်ကန်များ ထပ်မံတည်ဆောက်ပြီး နှုံးတားဆီးခြင်းကို စနစ်တကျဆောင်ရွက်ရန်နှင့် တဂူဝိချောင်းအတွင်းရှိ သဲနှုံးများ ပို့ချမှုကို ပြန်လည်တူးဖော်နိုင်ရေး ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ကျေးရွာသောက်သုံးရေအတွက် စက်ရေတွင်းများ ထပ်မံတူးဖော်ပေးခြင်း၊ ရေလှောင်ကန်များ တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းနောက် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်အစီရင်ခံစာ ရေးသားသည့် E-Guard Environmental Services အဖွဲ့မှ ဒေသခံပြည်သူများသို့ ထပ်မံရှင်းလင်းရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသို့ တင်ပြရန် အတည်ပြုချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီညွှန်ကြားချက် ကျွန်တော်ဆီကို အောက်တိုဘာလအလယ်လောက်မှ ရောက်လာတယ်၊ သူတို့ ညွှန်ကြားထားတာက စက်တင်ဘာလက ဖြစ်တယ်၊ ကုမ္ပဏီကတော့ လုပ်ဆောင်ထားတာတွေကို တင်ပြထားတာတော့ ရှိတယ်၊ ဒါပေမယ့် မလုပ်ရသေးတာ ရှိသေးတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

Long Life Aggregate Mining Co,Ltd ကျောက်မိုင်းကုမ္ပဏီအနေဖြင့် အဆိုပါ ညွှန်ကြားချက်များကို စတင်ဆောင်ရွက်မည့် လုပ်ငန်းအချိန်ဇယားနှင့် လုပ်ငန်းပြီးစီးမှုများကို မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသို့အမြန်ဆုံးတင်ပြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့က ညွှန်ကြားချက်အတိုင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းကျဖို့အတွက် သဲစစ်ရေကာတာ ၁၂ ခုလည်း လုပ်ထားတယ်၊ နောက်ထပ်နှစ်ခုလည်း ထပ်လုပ်ထားတယ်၊ ၅၀ ရာခိုင်နှုန်းတော့ ပြီးသွားပြီး၊ ကျေးရွာမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ချောင်းတွေမြောင်းတွေလည်း ဖော်ပေးထားတယ်”ဟု Long Life Aggregate Mining Co.,Ltd ဒါရိုက်တာ ဦးအောင်သက်ဋ္ဌေးက ပြောဆိုသည်။

Long Life Aggregate Mining Co.,Ltd ကျောက်မိုင်းလုပ်ငန်းကြောင့် သစ်တောဖုံးလွှမ်းလျက်ရှိသည့် မြေဧက ရာချီအပြောင်ရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပျက်စီးခြင်း၊ ရေထိန်းသိမ်းနိုင်မှုစွမ်းရည် လျော့ကျလာခြင်း၊ စမ်းရေပေါက်များ ပျက်စီးခြင်း၊

ဥယျာဉ်ခြံများ၊ လယ်ယာမြေများပျက်စီးခြင်းတို့ကြောင့် ကျောက်မိုင်းပိတ်သိမ်းရေးကို လိုလားနေကြကြောင်း ရွာသားများက ပြောကြားသည်။
အဆိုပါကျောက်မိုင်းလုပ်ငန်း ပိတ်သိမ်းရေးအတွက် ဥတံ္တတားကျေးရွာဒေသခံများ ဇွန်လ ၅ ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တစ်ကြိမ် ထပ်မံ ဆန္ဒပြတောင်းဆိုခဲ့သည်။

Leave a Reply