မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ပေါင်မြို့နယ် ကုလားမတောင် သစ်တော ကြိုးဝိုင်းအတွင်းရှိ ကျောက်မိုင်း လုပ်ကွက် တစ်ခုဖြစ်သည့် Long Life Aggrate Mining Co.Ltd ကျောက်မိုင်း ကုမ္ပဏီကို ပြည်နယ်အစိုးရမှ သက်တမ်းတိုး လုပ်ကိုင်ခွင့် ချထားပေးမှုအပေါ် ဒေသခံများက ခန္ဓာကိုယ် နှိပ်စက်၍ ဆန္ဒထုတ်ဖော်မှုခဲ့ကြသည်။

16425455_460011690996438_1851317896_n

Long Life ကျောက်မိုင်း သက်တမ်းတိုးထားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၌ ဒေသခံများကို ခေါ်ယူ တွေ့ဆုံ အသိပေးခဲ့ကြောင်း ဥတ္တံတားကျေးရွာသားများက ပြောကြားသည်။

“ကျွန်တော်တို့ ဒေသခံတွေ ဒီလောက် ကန့်ကွက် ဆန္ဒပြနေတဲ့ကြားက သက်တမ်းတိုးပေးတာက ဘယ်လိုမှ မဖြစ်သင့်ဘူး”ဟု ဥတ္တံတားကျေးရွာမှ ကိုဇော်ဇော်ထွေးက ပြောဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် မြို့နယ် ထွေအုပ်ရုံး နံရံများကို ခေါင်းဖြင့် ပစ် တိုက်ခြင်း၊ တံခါးများကို ထုတ်ရိုက်ခြင်း၊ အော်ဟစ် ငိုကြေခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

သက်တမ်းတိုးပေးခဲ့သည့် နေ့ရက်ကို ဝန်ကြီးအား မေးမြန်းရာတွင် တိကျသည့် အဖြေမပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

သက်တမ်းတိုး လုပ်ကိုင်လိုသည့် ကျောက်မိုင်းကုမ္ပဏီများသည် တစ်နှစ်တစ်ကြိမ် ပြည်နယ်အစိုးရအပါအဝင် ပြည်နယ် သစ်တောဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဒေသခံများ၏ သဘောထားများ ပါဝင်ရန် လိုသည်။

“ကျွန်တော်တို့က သစ်တောကော ထွေအုပ်ကော အားလုံး သက်တမ်း တိုးပြီးလုပ်ထားတာ၊ ရွာအတွက်လည်း အတတ်နိုင်ဆုံး ချောင်းမြောင်းတွေကို ဆည်ပေးနေတယ်”ဟု Long Life Aggrate Mining Co.Ltd ဒါရိုက်တာ ဦးအောင်သက်ဌေးက ဆိုသည်။

Long Life Aggrate Mining Co.Ltd ကျောက်မိုင်းကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ခြင်းကြောင့် လယ်ယာမြေ ပျက်ဆီးခြင်း၊ စမ်းရေများ ခမ်းခြောက်ခြင်း၊ သဘာဝ တိရစ္ဆာန်များ သေကြေပျက်ဆီးခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ကျောက်မိုင်းလုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံများက ဖြေရှင်းပေးရန် ပြည်နယ်အစိုးရထံ နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် ပေါင်မြို့နယ် ကုလားမတောင် သစ်တောကြိုးဝိုင်းအတွင်း၌ သက်တမ်းတိုး၍ လမ်းခင်းကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၃ ရှိနေပြီး၊ လမ်းခင်း ကျောက်ကျင်းရေ ၁၀၅၅၀၀ ကျော်ကို ထုတ်လုပ်ခဲ့ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ဇော်ထိုက်

Leave a Reply