News Federal Times

မောင်တော၊ မေ (၂)ရက် ။      ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သုံးမိုင် စစ်ဆေးရေးဂိတ်တွင် မေလ ၁ ရက် နေ့လည်ပိုင်းက ကျပ်သိန်း ရှစ်ထောင့် ရှစ်ရာတန်ဖိုးရှိ WY နှင့် R စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၄၀၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ၎င်းအမှုတွင် ပါဝင်ပတ်သက်သူ တပ်မတော်သားနှစ်ဦးကို တိုင်းမှူး၏ နှုတ်မိန့်အရ မိခင်တပ်ရင်းသို့ အပ်နှံလိုက်ရကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ်သို့ မောင်းနှင်လာသည့် ခဲရောင် ပါဂျဲရိုးယာဉ်တစ်စီးကို သုံးမိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့က ရှာဖွေစဉ် ထိုကားပေါ်တွင် ရှေ့တန်းခမရ (၅၆၄)မှ ဗိုလ်မှူး ရဲဇေယျာ၊ တပ်သားသိန်းနိုင်၊ ယာဉ်မောင်းသန်းထွန်းနိုင်နှင့် ဇော်ဦးတို့ လေးဦးကို WY နှင့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းလေးသောင်းထည့်ထားသည့် အမဲရောင် ပလပ်စတတ်ဖြင့် အထုပ် ၁၇ ထုပ်နှင့်အတူ ရှာဖွေတွေ့ရှိခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


“ဘူးသီးတောင်ဘက်က မောင်တောကို မောင်းလာတဲ့ကားကို စစ်တာပေါ့။ ကားပေါ်မှာ လူ(၄)ယောက်ပါတယ်။ အထုပ်တွေကိုဖွင့်စစ်တော့ စိတ်ကြွဆေးပြားတွေတွေ့တယ်။ သူတို့ကို ပြင်ဖြူရဲစခန်းမှာ ရဲအုပ်မောင်အောင်က တရားလိုလုပ်ပြီး တိုင်ချက်ဖွင့်ထားပါတယ်။ (၄)ယောက်မှာ (၂)ယောက်က တပ်ကဖြစ်နေလို့ တပ်ကိုလွှဲပေး လိုက်ဖို့ညွှန်ကြားလာလို့ တပ်ကိုအပ်လိုက်ရတာပါ။”ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဉ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပြင်ဖြူရဲစခန်းတွင် မယ(ပ)၆/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားပြီး အရပ်သားနှစ်ဦးကို ဖမ်းဆီး ထားပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ နှုတ်မိန့်အရ ဗိုလ်မှူး ရဲဇေယျာနှင့် တပ်သား သိန်းနိုင်တို့ကို မိခင်တပ်ရင်းသို့ အပ်နှံလိုက်ရကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် ပါဝင်ပတ်သက်သူ တပ်မတော်သားနှစ်ဦးကို ခမရ (၅၅၁) သို့ ပို့ဆောင် ချုပ်နှောင်ထားပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သိရသည်။

မင်းသိမ်းခိုင် (မြစ်မခ)

Leave a Reply