News Federal Times

ပုသိမ်၊ မေ ၁၆ ။       ။ နာမည်ကျော်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ဂန္တဝင်ကစားသမား ရွန်နီဂျွန်ဆင်နှင့် မန်ယူအသင်းနည်းပြများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ လာရောက်ပြီး မေ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် လူငယ် ၁၅၀ ကျော်ကို ဘောလုံးနည်းစနစ်များ လေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။
မန်ချက်စတာယူနိုက်တက်အသင်း၏ ယခုခရီးစဉ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနည်းပညာ များ ကူညီပေးနေသည့် ဂျပန်နိုင်ငံ Manda ကုမ္ပဏီရဲ့ ချိတ်ဆက်ဖိတ်ခေါ်မှုအရ လာရောက်ခြင်းဖြစ်ပြီး ဧရာဝတီ ယူနိုက်တက် ဘောလုံးအကယ်ဒမီမှ လူငယ်များ၊ နွေရာသီဘောလုံးသင်တန်းမှ လူငယ်များနှင့် တိုင်းဒေသကြီး အတွင်းမှ လူငယ်များကို ဘောလုံးနည်းစနစ်များ လေ့ကျင့်ပေးခဲ့ကြောင်း Manda ကုမ္ပဏီတာဝန်ရှိသူများထံမှ သိရသည်။
“လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပါပဲ၊ လူငယ်တွေကို ပြုစုပျိုးထောင်ပေးတာ တိုင်းပြည်အနာဂတ်ကို ပြုစုပျိုးထောင်ပေးတာပါပဲ။ Manda ကုမ္ပဏီအနေနဲ့လည်း ဒီကိုလာရောက်ပြီး ဒီကပြည်သူတွေပျော်ရွှင်အောင်ပါ လုပ်ဆောင်ပေးနိုင်လို့ ကျေနပ်မိပါတယ်။” ဟု Manda ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။


ယခုခရီးစဉ်သည် မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပုသိမ်မြို့သို့ ပထမဆုံးအကြိမ် တရားဝင် ရောက်ရှိသည့် ခရီးစဉ်ဖြစ်ခဲ့ပြီး ခရီးစဉ်အတွင်း Manchester United Soccer School ကို ပုသိမ်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဧရာဝတီတိုင်းဒေသကြီးအတွင်း လူငယ်တွေအားကစား ဖွံ့ဖြိုးလာဖို့အတွက် လိုအပ်နေတဲ့ အားကစားကွင်းတွေ ဖွင့်လှစ်နိုင်အောင်လည်း ဆက်လက်လုပ်ဆောင်သွားပါမယ်။”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုသိမ်မြို့နယ် ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောသည်။
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ရွန်နီဂျွန်ဆင်နှင့် မန်ယူအသင်းနည်းပြများသည် ပုသိမ်မြို့ ခရီးစဉ်အပြီး ရန်ကုန်မြို့သို့ ဆက်လက်သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လူငယ်များကို ဘောလုံးနည်းစနစ်များ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply