News Federal Times

ကျောက်ဖြူ၊ မေ (၂၂)ရက် ။       ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် တရုတ်ရေနံတင်သင်္ဘောဝင်ရောက်မှုကြောင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းရာတွင် အခက်အခဲတွေ့နေကြောင်း ဒေသခံရေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
အဆိုပါ ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာချိန်၊ ဆီလှယ်ရန် ဆိုက်ကပ်ချိန်များအတွင်း သက်ဆိုင်ရာ ရေကြောင်း ရဲတပ်ဖွဲ့မှ မြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ကာ ငါးဖမ်းဆီးခြင်း၊ လှေများသွားလာ ခြင်းများနှင့် ကျောက်ချရပ်နားထားခြင်းများကို ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။
”တရုတ်ဆီသင်္ဘောတွေက အခုလဆန်းပိုင်းမှ စတင်ပြီး ဆိပ်ကမ်းဝင်နေတယ်။ သင်္ဘောတစ်စီးဝင်လာရင်ဝင်တဲ့ အချိန်နဲ့ ထွက်ခွာချိန်ဆို အနည်းဆုံး(၄)ရက်မှ (၆)ရက်ထိ ငါးဖမ်းဆီးခွင့် ပိတ်ပင်ခံရတယ်။ ဒီကိစ္စက ကျွန်တော်တို့ ကျွန်းသူကျွန်းသားတွေရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းကို တိုက်ရိုက်ခြိမ်းခြောက်လာတယ်။ ကျွန်းသူ ကျွန်းသားတွေမှာ ငါးမဖမ်းဆီးလိုက်ရတော့ အငတ်အပြတ်ရှိနေကြပြီ။ နောက်ဆို သင်္ဘောတွေ ဝင်လာရင် ဒီထက် အခြေအနေဆိုးရွားသွားနိုင်တယ်။ အစိုးရနဲ့ သက်ဆိုင်ရာတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါတယ်။”ဟု မဒေးကျွန်းမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်မြင့်က ပြောသည်။


ပြည်ပမှ ရေနံစိမ်းများကို သင်္ဘောများဖြင့် သယ်ယူလာပြီး မဒေးကျွန်းဆိပ်ကမ်းမှ တစ်ဆင့် ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ရေနံစိမ်းသင်္ဘောများသည် ဧပြီလဆန်းပိုင်းမှ လက်ရှိအချိန်ထိ သင်္ဘော(၃)စီးထိ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မဒေးကျွန်း ရေလုပ်သားများထံမှ သိရသည်။
”ဘယ်နိုင်ငံမဆို သင်္ဘောလမ်းကြောင်း တစ်လျောက် သင်္ဘောဝင်ရင် ငါးရှာလို့ မရပါဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ အညီသာ လုပ်ဆောင်တာပါ။” ဟု အဆိုပါ ရေနံစိမ်းတင်သင်္ဘောများ သယ်ဆောင်နေသည့် တရုတ်စီအင်ပီစီကုမ္ပဏီ၏ အုပ်စုဝင် SEAGP ကုမ္ပဏီမှ တာဝန်ရှိသူ Mr.Henry Zhang က ပြောသည်။
မဒေးကျွန်းတွင် ရွာမ၊ ပြိန်၊ ပြိန်ချောင်၊ ကျောက်တန်းစသည့် ကျေးရွာ(၆)ရွာရှိပြီး လူဦးရေ (၂၀၀၀)ကျော်တွင် လူဦးရေ (၈၀)ရာခိုင်းနှုန်းကျော်မှာ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ကမ်းနီ ကမ်းဝေး ငါးဖမ်း လှေမျိုးစုံ အစီးရေ (၄၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။

==

MMK

Leave a Reply