News Federal Times

သထုံ၊ မေ ၂၂ ရက် ။      ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာတွင် မေ ၂၁ ရက်ညပိုင်းက WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား များ ဖြန့်ဖြူးရောင်းချသူနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။
“ဆေးပြားတွေ ရောင်းချနေတယ်လို့ သတင်းအရစောင့်ဖမ်းတာပါ။ ဖြန့်ဖြူးရောင်းချသူနဲ့ ဆက်စပ်ဝယ်ယူ သုံးစွဲသူတွေကိုပါ ဖမ်းမိထားပါတယ်။ နောက်ထပ်ကွင်းဆက်တရားခံတွေ ရှိ၊ မရှိစစ်ဆေးပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမှာပါ။”ဟု သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဝီယော်ကျေးရွာနှင့် ကြာပန်းကျေး ရွာသွားကားလမ်းမတွင်စောင့်ဆိုင်းနေစဉ် ဝီယော်ကျေးရွာမှ ကြာပန်းကျေးရွာသို့ နီတွတ်(ခ) အောင်စိုးဦး(၂၂) နှစ်မောင်းနှင်လာသောဆိုင်ကယ်အား စစ်ဆေးရာ အောင်စိုးဦးမှ ၎င်းကိုင်ဆောင်ခဲ့သော ကျွတ်ကျွတ်အိတ်အား လွှင့်ပစ်လိုက်သည်ကိုတွေ့ရှိသဖြင့် ပြန်လည်ကောက်ယူခိုင်းပြီး စစ်ဆေးရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား(၁၅)ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းအားစစ်ဆေးချက်အရ ၎င်းနှင့်အတူ ဆေးပြားဝယ်ယူရန်အတူသွားသော ကျော်နိုင်ဦး(ခ)ပြာမောင်မောင် (၂၂)နှစ်နှင့် စွမ်းပြည့်အောင်(ခ)ကလူး(၁၉)နှစ်တို့(၂)ဦးအား ဝီယော်ကျေးရွာသွားကားလမ်းဘေးရှိ ရာဘာခြံအ နီးတွင် ထပ်မံဖမ်းဆီးမိခဲ့ကြောင်း သိရသည်။


နီတွတ်(ခ)အောင်စိုးဦးထံမှ စစ်ဆေးပေါ်ပေါက်ချက်အရ ဝီယော်ကျေးရွာ၊ ရွာတန်းရှည်ပိုင်းနေ အောင်မြင့်(ခ) ထင်ကျော်(ခ)မန္တလေး(၂၈)နှစ်ထံမှ ဆေးပြား(၁)ပြားလျှင် ကျပ်(၄၀၀၀)နှုန်းဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိ သုံးစွဲဖြန့်ဖြူးရောင်းချသူ နီတွတ်(ခ)အောင်စိုးဦး၊ ကျော်နိုင်ဦး(ခ)ပြာမောင်မောင်၊ စွမ်းပြည့်အောင်(ခ)ကလူး၊ အောင်မြင့်(ခ)ထင်ကျော်တို့(၄)ဦးအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ မယ(ပ)၂/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၀ ဖြင့် အမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။
ထို့အပြင် အောင်မြင့်(ခ)ထင်ကျော်(ခ)မန္တလေး၏နေအိမ်အား သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနေအိမ် ရှာဖွေခွင့်ဝရမ်းအမှတ် ၃ /၂၀၁၇ ဖြင့်ဝင်ရောက်ရှာဖွေရာတွင် ၎င်းနေအိမ်အနောက်ဘက် ရာဘာပင်အောက်၌ ဝှက်ထားသော WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေး(၁၁၄) ပြား၊ အစိမ်းရောင်(၁)ပြား၊ စုစုပေါင်း(၁၁၅)ပြားကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောင်မြင့်(ခ)ထင်ကျော်(ခ)မန္တလေးအား ဆက်လက်စစ်ဆေးရာ မူးယစ်ဆေးဝါးများအား ဝီယော်ကျေးရွာ၊ ရွာ ကြီးပိုင်းနေသူ မြင့်စိုး(၃၈)နှစ်ထံမှဝယ်ယူကြောင်းသိရှိရသဖြင့် မြင့်စိုးအား ၎င်း၏ ငါးပိုက်ချလုပ်ငန်းလုပ်ကိုင်ရာ ဝီယော်ချောင်းအတွင်းမှ ဖမ်းမိခဲ့ပြီး ၎င်းနေအိမ်အားဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးမတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍  သိမ်ဆိပ်နယ်မြေရဲစခန်းမှ အောင်မြင့်(ခ)ထင်ကျော်(ခ)မန္တလေးနှင့် မြင့်စိုးတို့အား မယ (ပ)၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MMK

Leave a Reply