News Federal Times

ကသာ၊ မေ ၂၄ ရက် ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် မေ ၂၄ ရက်က ရက်လွန်နှင့် တားမြစ်ထားသော အစားအသောက်၊ ဆေးဝါးများ ကျပ်(၂)သိန်းကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။
လက်ရှိ မီးရှို့ဖျက်ဆီးမှုသည် ၂၀၁၇ ခုနှစ်အတွင်း (၄)ကြိမ်မြောက်ဖြစ်ပြီး ကသာမြို့၊ အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်မှတာဝန်ရှိသူများသည် ဧပြီ ၇ ရက်က အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံ ဆိုင်(၃)ခုနှင့် ဆေးဆိုင်များကိုစစ်ဆေးရာမှ သိမ်းဆည်းရမိခဲ့သည့်အစားအစာနှင့် ဆေးဝါးများဖြစ်သည်။
စစ်ဆေးတွေ့ရှိခဲ့သည့် တားမြစ်အစားအစာ(၆)မျိုး၊ အရေအတွက်(၄၆)ခု၊ ခန့်မှန်းတန်ဖိုး(၁၉၆၀၀)ကျပ်နှင့် ရက် လွန်ဆေးဝါး(၄၀)မျိုး၊ ခန့်မှန်းတန်ဖိုး(၂၀၀၀၀၀)ကျပ်တို့ကို အငြင်းပွားမှုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆုံးဖြတ်ချက် ဖြင့် မေလအတွင်းမှသာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ကသာခရိုင်အတွင်းမှာရှိတဲ့ဈေးတွေကို စားသုံးရန်မသင့်တဲ့ အစားအသောက်နဲ့ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေး တယ်။ ကသာခရိုင်အငြင်းပွားမှုဖြေရှင်းရေးရဲ့ စုံစမ်းစစ်ဆေးရေးဆုံးဖြတ်ချက်အရ မီးရှို့ဖျက်ဆီးပါတယ်။”ဟု ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်အုန်းကပြောသည်။


ကသာမြို့တွင်စစ်ဆေးသိမ်းဆည်းခဲ့သော ရက်လွန်အစားအသောက်များနှင့် ဆေးဝါးများကို အဖွဲ့စုံဖြင့် မီးရှို့ ဖျက်ဆီးရန်၊ တားမြစ်စားသောက်ကုန်များကို စစ်ဆေးတွေ့ရှိသည်နှင့် သိမ်းဆည်းရန်၊ ကသာကားကြီးဝန်း၌ အ ဝင်အထွက်ကားများနှင့် ရေလမ်းကုန်တင်မော်တော်များကိုစစ်ဆေးရန်၊ ပစ္စည်းဖြန့်ဖြူးသောကုမ္ပဏီခွဲများ လက် ကားဆိုက်နှင့် သိုလှောင်ရုံများကို တစ်ပါတ်တစ်ကြိမ်စစ်ဆေးကြပ်မတ်ရန်၊ တရုတ်စာတန်းပါသော ခေါက်ဆွဲ ခြောက်အစိမ်းထုပ်နှင့် သုံးစွဲမှုများသောတားမြစ်စားသောက်ကုန်တို့၏ရုပ်ပုံကားချပ်များကို ဈေးအဝင်တွင် ကပ် ထားရန် မတ် ၂၉ ရက်ကပြုလုပ်သည့် ကသာခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်အရ သိရသည်။
“စားသုံးသူရေးရာနဲ့ FDA အဖွဲ့စုံပူးပေါင်းပြီး ဈေးအတွင်းမှာ စားသုံးရန်မသင့်လို့ ကြေညာထားတာတွေကို ဈေး သည်တွေကို အသိပေး၊ ပညာပေးပါတယ်။ ယူရောင်းတဲ့ပစ္စည်း၊ ကိုယ်တိုင်ထုတ်လုပ်တဲ့ပစ္စည်းတွေကို သတ် မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ တံဆိပ်ကပ်ဖို့၊ ရက်လွန်မဖြစ်ဖို့၊ အာမခံချက်ရှိဖို့တွေကို အမြဲတိုက်တွန်း တယ်။ တားမြစ်ပစ္စည်းတွေကိုလည်း ဈေးမှာစာကပ်ပေးပါတယ်။”ဟု ကသာခရိုင်စည်ပင်သာယာရေးဦးစီးဌာန၊ ဈေးဌာနမှ ဒုတိယ ဦးစီးမှူး ဦးရန်နိုင်ထွန်းကပြောသည်။
ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်အတွင်းရှိ မုန့်ဖုတ်လုပ်ငန်း(၁၀)ခု၊ သောက်ရေသန့်လုပ်ငန်း(၃)ခု၊ အရက်ဖို(၁)ခုတို့ကို စစ်ဆေးခဲ့ပြီး ၂၀၁၇ ဧပြီလအတွင်း ပညာပေးဟောပြောပွဲ(၂၅)ကြိမ်အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

MMK

Leave a Reply