News Federal Times

ကျိုင်းတုံ၊ မေ ၂၄ ရက် ။         ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း၊ (၁၅)မိုင်လမ်းစခန်းအနီးရှိ တောင်ယာတဲအတွင်း၌ မေ ၂၃ ရက်၊ ညနေပိုင်းက စစ်ကျန်ဗုံးတစ်လုံး ပေါက်ကွဲမှု ကြောင့် တစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တောင်ယာပေါင်းရှင်းလုပ်နေကြရင်းကနေ ဗုံးသီးဟောင်းတစ်လုံးကိုတွေ့ရပြီး တောင်ယာတဲထဲကို ယူဆောင် လာသူက ဗုံးထဲမှာဘာရှိသလဲဆိုတာကိုသိချင်လို့ ဝါးခြမ်းနဲ့ ဗုံးကိုညှပ်ပြီး မြေပြင်ကိုရိုက်ခွဲရာကနေ ပေါက်ကွဲမှု ဖြစ်တာပါ။”ဟု ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ရဲကင်းစခန်းမှူး ရဲအုပ်ရွှေသိန်းကပြောသည်။
ပင်းတောက်ကျေးရွာအုပ်စု၊ (၁၃)မိုင်ရွာနေကြသူများဖြစ်သည့် အားဒလယ်(ခ)အလီး(၂၂)နှစ်၊ မဘူးမီ(၂၁)နှစ်၊ မနားယော်(၂၀)နှစ်နှင့် ကျားဂါဆိုသူတို့(၄)ဦးသည် အခင်းဖြစ်ပွားရာ တောင်ယာလုပ်ငန်းခွင်၌ မြေဆွ၊ ပေါင်းရှင်း လုပ်ငန်းဆောင်ရွက်နေစဉ်၌ အားဒလယ်(ခ)အလီးဆိုသူမှာ မြေကြီးအတွင်းမှဗုံးဟောင်းတစ်လုံးကို စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့နောက် နေ့လယ်ထမင်းစားနားချိန်တွင် အားဒလယ်(ခ)အလီးဆိုသူက ၎င်းတွေ့ရှိခဲ့သည့် ဗုံးဟောင်းအား တောင်ယာတဲအတွင်းသို့ယူဆောင်လာခဲ့ပြီး ထမင်းစားပြီနောက် ဗုံးအားကိုင်လှုပ်ကြည့်ရာ မြည်သံကြားရသဖြင့် ဗုံးအား ဝါးခြမ်းပြားနှင့် ညှပ်၍ တဲအတွင်းမြေပြင်သို့ ရိုက်ခွဲခဲ့ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကျန်ဗုံး ပေါက်ကွဲခြင်းကြောင့် အားဒလယ်(ခ)အလီးမှာ ရင်ဝ၌ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာနှင့် ဝဲဖက် ခြေထောက်၌ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ မေးစေ့တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်နှင့် ဆီးခုံ၌ ပေါက်ပြဲဒဏ်ရာ များရရှိခဲ့သည့်အပြင် ကျန်(၃)ဦးမှာလည်း (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံ ယူနေစဉ် အားဒလယ်(ခ)အလီးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာနှင့် ပတ်ဝန်းကျင်သည် ၁၉၈၈ ခုနှစ် မတိုင်ခင်က မငြိမ်းချမ်းခဲ့သော နေရာဒေသများ ဖြစ်ခဲ့ပြီး တပ်မတော်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများဖြစ်ကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မ ရဲစခန်းတွင် သေဆုံးသူ အားဒလယ်(ခ)အလီးဆိုသူအား ပေါက်ကွဲစေတတ် သော ပစ္စည်းအား ပေါ့လျော့စွာပြုလုပ်မှုကြောင့် မိမိနှင့် တစ်ပါးသူတို့ကို သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေခဲ့သဖြင့် (ပ)၈၄ /၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၆/၃၃၈/၃၀၄(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MMK

Leave a Reply