News Federal Times

နောင်ချို၊ မေ ၂၄ ရက် ။        ။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောင်ချိုမြို့နယ်တွင် အကြမ်းဖက်လုပ် ရပ်များ မရှိစေရေး နယ်မြေခံ တပ်မတော်တပ်ရင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က အချိန်ပြည့် လှည့်ကင်းများလှည့် ကာ လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရှိရသည်။
အင်အား(၃၀၀)ဝန်းကျင်ရှိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ကိုဦးတည်၍ အကြမ်းဖက်လုပ်ဆောင်မည်ဆိုသည့် သတင်းမှာ မေ ၂၃ ရက်၊ ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာ (FaceBook)တွင် ပြန့်နှံ့ခဲ့ခြင်းကြောင့် ညပိုင်းတွင် မြို့တွင်းရှိ ဆိုင်များအားလုံးပိတ်ကာ နီးစပ်ရာမြို့များသို့ တိမ်းရှောင်နေကြကြောင်းသိရသည်။
“ကျွန်တော်တို့လည်း သတင်းရထားပါတယ်။ ဒီသတင်းမှန်မယ်။ မမှန်ဘူးဆိုတာက သေချာမပြောနိုင်ပေမဲ့ ကျွန်တော်တို့ဖက်က မြို့သူမြို့သားတွေကို စောင့်ရှောက်ရမယ့်တာဝန်ရှိတာကြောင့် မြို့ထဲမှာ လှည့်ကင်း၊ ဝပ်ကင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတွေကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရယ်၊ နယ်မြေခံတပ်ရင်းတွေရယ်ပေါင်းပြီး လုပ်ဆောင်ထားပါတယ်။ သတင်းမှားတွေကိုလည်းယုံပြီး လူမှုကွန်ရက်ပေါ်တွေမှာမတင်ဖို့ သတိပေးလိုပါ တယ်။”ဟု နောင်ချိုမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
လှည့်ကင်းများဖြင့် ဆောင်ရွက်ရာတွင် မသင်္ကာသူများအား စစ်ဆေးခြင်း၊ မော်တော်ယာဉ်ဂိတ်များ၊ မီးရထား ဘူတာရုံများစသည့် အများနှင့် သက်ဆိုင်သော နေရာများတွင် အသွင်ယူစောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“မနေ့ညက နောင်ချိုကိုဝင်စီးမယ်ဆိုတဲ့သတင်းကြားရတော့ ဆင်ဆုပ်ရပ်ကွက်တစ်ခုလုံး မီးတွေမှိတ်ပြီး လူတွေ ဟိုပြေးဒီပြေးဖြစ်နေကြပါတယ်။ သတင်းက ဟုတ်လား၊ မဟုတ်လား သေချာမသိပေမယ့် ကိုယ့်အသက် အန္တရာယ်ဆိုတော့ ကြောက်တာပေါ့။ အဲဒါကြောင့် ကိုယ်လည်းပြေးရတာပေါ့။”ဟု နောင်ချိုမြို့နယ်၊ ဆင်ဆုပ်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။


လူမှုကွန်ရက်စာမျက်နှာများတွင် အကောင့်တုများဖြင့် ဆူပူလှုပ်ရှားထကြွစေရန် ရေးသားခြင်းများရှောင်ကြဉ်၍ မိမိတို့အမှန်တကယ်သတင်းပေးရေးသားလိုပါက မိမိဓာတ်ပုံဖြင့် နေရာအတိအကျ၊ ဖြစ်ပျက်ပုံများကို ဓာတ်ပုံ မှတ်တမ်း၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို အတိအလင်းဖော်ပြ၍ သတင်းပေးရေးသားပေးကြခြင်းဖြင့် ကူညီပေး ကြပါရန် နောင်ချိုမြို့မ ရဲစခန်းက မေ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“မနေ့ညကလည်း မအိပ်ရပါဘူးဗျာ။ အခုဒီမနက်(မေ ၂၄ ရက်)ကို သုံးဆယ်ရွာက အ.ထ.ကကျောင်းခွဲရှေ့မှာ ပလောင်စစ်သား(၃၀)လောက်စုနေတာတွေ့တော့ ရွာထဲက အဆောင်နေတဲ့ကလေးတွေကို သက်ဆိုင်ရာ မိဘ တွေဆီကို ပြန်အပ်ကြတယ်။ ဈေးဆိုင်တွေလည်း အကုန်ပိတ်ပြီး ပြေးသူကပြေး၊ ဘာတွေဖြစ်မှန်းမသိပါဘူးဗျာ။” ဟု သုံးဆယ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့နယ်တစ်ဝိုက်၌ ပစ်ခတ်မှုများဖြစ်ပွားနေပြီး ခရီးသည်တင်ယာဉ်တစ်စီးအား ဓာတ်ဆီ လောင်း၍ မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နောင်ချိုမြို့ပေါ်တွင် လုံခြုံရေးတိုးမြှင့်ထားကာ ပိတ်ဆို့ရှာ ဖွေသည့် နည်းလမ်းများဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဒေသခံများအနေဖြင့် လုံခြုံရေးအတွက်စစ်ဆေးသည့်အခါ ကြည်ဖြူစွာလက်ခံကြပါရန်နှင့် အနီးပတ်ဝန်းကျင် တွင် မသင်္ကာစရာများတွေ့ရှိပါက သက်ဆိုင်ရာရဲစခန်းသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးစေလိုကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

MMK

Leave a Reply