News Federal Times

မန္တလေး၊ မေလ (၂) ရက် ။      ။ ၂၀၁၇ သင်္ကြန်ကာလနောက်ပိုင်းမှ စတင်၍ မန္တလေးမြို့တွင် အိမ်ငှားရမ်းမှုဈေးနှုန်းများ ထက်ဝက်ခန့်မြင့်တက် လာခဲ့သော်လည်း အိမ်ငှားရမ်းမှုများ ပိုမိုများပြားလာကြောင်း မန္တလေးရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
အိမ်ငှားရမ်းမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းဖြစ်ပြီး မြေဈေးကွက်အရောင်းအဝယ်များလည်း လှုပ်ခတ်စပြုလာကြောင်း သိရသည်။
“မန္တလေးမြေဈေးကွက်တွေက အေးနေတာကြာနေပြီဆိုပေမယ့် ဒီနှစ် သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာ မြေနဲ့ပတ် သက်ပြီး မေးတဲ့သူ၊ ဝယ်တဲ့သူတွေ နည်းနည်းတော့ရောက်လာတယ်။ တချို့က ပိုက်ဆံရှိလို့ဝယ်တာမျိုးရှိသလို ငွေအခက်အခဲဖြစ်လို့ရောင်းပြီး ငွေနုတ်တာမျိုးလေးတွေလည်းရှိတယ်။ ဒီအတွက် ဝိုင်းကိုလာပြီး မေးမြန်းဝယ်ယူ တာမျိုးလေးတွေ ရှိလာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဟာနဲ့သူတော့ အဆင်ပြေတာလေးတွေဖြစ်လာတယ်။” ဟု မန္တလေးအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ဦးလွန်းမောင်ကပြောသည်။
မန္တလေးမြို့တွင် အိမ်ငှားရမ်းခနှုန်းထားများသည် သင်္ကြန်ကာလပြီးနောက်ပိုင်းတွင် ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်ခဲ့ပြီး အိမ်ငှားရမ်းမှု များပြားလာသောကြောင့် အိမ်လခများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။


“မန္တလေးမှာက အိမ်ငှားတဲ့သူတွေကလည်း အရမ်းများလာတော့ အိမ်လခဈေးနှုန်းတွေ မြင့်တက်နေတာပါ။ အ ရင်က တစ်လကိုငါးသိန်းပေးရရင် ဒီနှစ်သင်္ကြန်ပြီးနောက်ပိုင်းမှာ ရှစ်သိန်းကနေ ဆယ်သိန်းအထိ ပေးနေရ တယ်။ နေရာပေါ်တော့ မူတည်တာပေါ့။ သာမန်လူတန်းစားတွေအနေနဲ့က အခုလို ဈေးကြီးတာတွေငှားဖို့ မလွယ်ပါဘူး။ လုပ်ငန်းလုပ်ကိုင်တဲ့သူတွေလောက်သာ ပေးငှားနေကြတာပါ။ မြေအရောင်းအဝယ်ဈေးကွက်အ နေနဲ့ကတော့ လှုပ်ရှားစပြုလာပါပြီ။”ဟု မန္တလေးတိုင်းဒေသကြီး၊ အိမ်ခြံံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ EC အဖွဲ့ ဝင် ဦးတင်ဝင်းက ပြောသည်။
မန္တလေးမြို့အဓိကလမ်းမကြီးနေရာများတွင် တစ်လငှားရမ်းခအနေဖြင့် ကျပ်ဆယ်သိန်းမှ ကျပ်သိန်းလေးဆယ် ဝန်းကျင်နှင့် အတွင်းကြားလမ်းများတွင် ကျပ်နှစ်သိန်းမှ ကျပ်ငါးသိန်းအထိရှိပြီး အဆောက်အဦးပေါ်မူတည်၍ ဈေးနှုန်းများ သတ်မှတ်ထားကြောင်း သိရသည်။
အိမ်ငှားရမ်းမှုဈေးကွက်အတွင်း အောင်မြေသာစံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည် ကြီးတံခွန်မြို့နယ်တို့ကို စိတ်ဝင်စားမှုအများဆုံးဖြစ်ကာ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်ရှိမြေကွက်များကို စီးပွား  ရေးလုပ်ငန်းရှင်အများစုကသာ စိတ်ဝင်စား၍ ဝယ်ယူမှုများရှိကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

Written by : မင်းခန့် (မြစ်မခ)

Leave a Reply