News Federal Times

လောက်ကိုင်၊ မေ ၂ ရက်။     ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်အား မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
လောက်ကိုင်မြို့အတွင်း ၂၀၁၇ ဖေဖော်ဝါရီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပိတ်ထားရသည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်အား မေ ၁ ရက်တွင် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က(မေ ၁ ရက်) နှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်ဖွင့်လိုက်ပါတယ်။ ပုံမှန်သွားလာနေကြပါပြီ။ ဒီဂိတ်က ကျွန်တော်တို့မြို့အတွက် လိုအပ်တဲ့ပစ္စည်းတွေဝင်ထွက်တဲ့ အဓိကဂိတ်ဆိုတော့ ပြန်ဖွင့်ရတာပါ။”ဟု လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က ပြောသည်။


အဆိုပါ ရန်လုံကျိုင်းဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် လောက်ကိုင်မြို့မှ အဓိကထွက်သော ကြံများအား တရုတ်နိုင်ငံသို့ အလွယ်တကူ အချိန်မီတင်ပို့နိုင်တော့မည်ဖြစ်ကာ လောက်ကိုင်မြို့ဒေသခံများအတွက် စီးပွားရေး ပြန်လည်အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ဆိုင်ကယ် ကယ်ရီမောင်းတယ်။ တိုက်ပွဲတွေမဖြစ်ခင်က လောက်ကိုင်နဲ့ ရန်လုံကျိုင်းဂိတ်ကို ခရီး သည်တွေပို့ရတော့ အရမ်းအဆင်ပြေတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ဂိတ်ပိတ်ထားတော့ အလုပ်မဖြစ်တော့တာ။ အခုလို ဂိတ်ပြန်ဖွင့်ပေးလိုက်တော့ အလုပ်ပြန်ဖြစ်မယ်လို့ထင်ပါတယ်။”ဟု လောက်ကိုင်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းနေသူ ကိုသားကြီးက ပြောသည်။
နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် ရန်လုံကျိုင်းဂိတ်ပိတ်ထားခြင်းကြောင့် လောက်ကိုင်မြို့တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန်သွားမည့်သူများ နှောင့်နှေးခဲ့ရပြီး ကုန်စည်တင်ပို့သည့်လုပ်ငန်းများတွင်လည်း နစ်နာမှုများရှိခဲ့ကြောင်း သိရသည်။

နောင် (မြစ်မခ)

Leave a Reply