News Federal Times

သထုံ၊ မေ ၃၀ ရက် ။        ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ဝါးဒက်ကွင်းတိုးချဲ့ရပ်ကွက်ရှိ အိမ်ခြေ (၆၅၀) မီးရှို့ခဲ့သူ (၁၀)ဦးအား ကျိုက်ထိုမြို့နယ်တရားရုံးက ထောင်ဒဏ်(၁)နှစ်စီချမှတ်ခဲ့ခြင်းအပေါ် ကျေနပ်မှု မရှိသည့်  ဒေသခံ (၅၀) ဦးဝန်းကျင်က မေ ၃၀ ရက်၊ နေ့လယ်(၁)နာရီက ကျိုက်ထိုမြို့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရှိရသည်။
“ကျေးရွာမှာရှိတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ လူအသက်အိုးအိမ်ကို အကြမ်းဖက်ဖျက်ဆီးတာပါ။ ဒီလောက်ကြီးမားတဲ့ကိစ္စကို တရားရုံးက ထောင်ဒဏ်တစ်နှစ်ပဲအမိန့်ချတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် တွေဟာ လုံခြုံမှုမရှိနိုင်တော့ဘူး။ အများပြည်သူက ဘယ်လိုမြင်မလဲ၊ အစိုးသစ်လက်ထက်မှာ ပြည်သူတွေဟာ လုံခြုံမှုမဲ့နေပြီလား။ ဒါကြောင့် ပြစ်မှုနဲ့ပြစ်ဒဏ်က မမျှတတဲ့အတွက် ကျိုက်ထိုမြို့နယ်တရားသူကြီးနဲ့ တရားရုံးကို ဒီကနေ့ ဆန္ဒထုတ်ဖော်ရတာပါ။”ဟု ဆန္ဒထုုတ်ဖော်ပွဲအား ဦးဆောင်သူ ဦးမောင်ရွှေကပြောသည်။
ဆန္ဒထုတ်ဖော်နိုင်ရန် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံ (၅)ရက်ကြိုတင် ခွင့်ပြုမိန့်တင်ခဲ့ရာ ဒေသန္တရအမိန့်အရ တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခွင့် မပြုခဲ့သဖြင့် ကျိုက်ထိုမြို့၊ ရှမ်းဈေးရှေ့တွင်စုရုံး၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ပြီး တရားသူကြီး၏လုပ်ရပ်အား တိုင်ကြားစာများပေးပို့ထားကာ ထူးခြားမှုမရှိပါက တိုင်ကြားမှုများ ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆန္ဒထုတ်ဖော်သူများသည် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာဈေးရှေ့မှ စတင်စုဝေးကာ မော်တော်ယာဉ်များ ဖြင့်ထွက်ခွာပြီး ကျိုက်ထိုမြို့၊ ခိုင်ခိုင်ကျော်ထမင်းဆိုင်ရှေ့မှ ကျိုက်ထိုမြို့ရှမ်းဈေးအထိ ချီတက်လမ်းလျှောက်၍ ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာလမ်းတစ်လျှောက်တွင် အကြမ်းဖက်လုပ်ရပ်များရပ်ဆိုင်းပေးပါ၊ တရားရုံးများ မှန်ကန်စွာ ဆုံး ဖြတ်ပေး၊ မျှတမှုမရှိသည့် အမိန့်အာဏာဟူသမျှ ဖော်ထုတ်ကြ၊ တရားဥပဒေစိုးမိုးရေး(တို့အရေး)၊ ကျိုက်ထိုမြို့ နယ်တရားသူကြီး အလိုမရှိ စသည်ဖြင့် ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဝါးဒက်ကွင်းကျေးရွာမှ နေအိမ်များကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်၊ ညပိုင်းက ဦးပဲသီး(ခ)ဦးခင်အေးပါ(၁၀)ဦးက မီးရှို့ခဲ့သဖြင့် တရားလိုဒေါ်ဝင်းရီက ပုဒ်မ ၄၃၆၊ ၄၂၇၊ ၅၀၆တို့ဖြင့် တရားစွဲဆိုခဲ့ရာ ၂၀၁၇ ဧပြီ ၁၉ ရက်တွင် ကျိုက်ထိုမြို့နယ်တရားသူကြီးက မီးရှို့သူများအား ထောင်ဒဏ်(၁)နှစ် စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

MMK

Leave a Reply