News Federal Times

မင်းပြား၊ မေ ၃၁ ။         ။ ရခိုင်ပြည်နယ်တွင် “မိုရာ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် ပျက်စီးမှုများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရှိရသည်။
မုန်တိုင်းသည် မေ ၃၀ ရက်၊ နံနက်(၁)နာရီမှ (၅)နာရီအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်း ဗြဲ၊ မာန်အောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ ရသေ့တောင်စသောမြို့နယ်များတွင် ပျက်ဆီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။
“ပြည်နယ်အစိုးရမှာ သဘာဝဘေးအန္တရာယ်အတွက် သီးသန့်ရန်ပုံငွေ သီးခြားရှိတယ်။ ဒီငွေနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်မယ်။ အခုလည်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းပြီး ဆောင်ရွက်နေ တာ တွေ့နေရတာပဲ။ တစ်ဖက်ကလည်း ပြည်ထောင်စုကနေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကလည်း တစ်လျှောက်လုံး အကူအညီတွေပေးနေတယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။


မုန်တိုင်းကြောင့် စစ်တွေမြို့နယ်တစ်ခုတည်းတွင်ပင် လူနေအိမ်(၁၆၅)လုံး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ်ထွေ အုပ်ရုံး၊ မြို့နယ်စုပေါင်းရုံး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနရုံး၊ ခရိုင်ထွေအုပ်ရုံး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံး၊ ကျောက်တန်း ကျန်းမာရေးဌာန၊ ပြည်နယ်လွှတ်တော်၊ စစ်တွေဆေးရုံကြီး၊ သက်ကယ်ပြင်ဒုက္ခသည်စခန်း အဆောက်အဦးများတွင် အမိုးအကာများ ပြိုလဲပျက်စီးခဲ့ပြီး မြို့နယ်မီးသတ်ရုံးရှေ့နှင့် မင်းဗာကြီးလမ်းတို့တွင် ဓာတ်မီးတိုင်များလဲပြိုခဲ့ကြောင်း သိရသည်။
“ရခိုင်မှာ အပျက်အစီးက တော်တော်များတယ်၊ ပြည်နယ်အစိုးရအနေနဲ့ အချိန်မီ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးဖို့က အရေးတကြီးလိုအပ်နေပါတယ်။အပျက်အစီးများတဲ့ ကျေးလက်နေရာတွေကို ဆင်းပြီး ကူညီပေးဖို့ အရေးကြီးတယ်။ အဲလိုလုပ်တဲ့နေရာမှာ အပြင်ပန်းလှအောင် လုပ်ပြတာမျိုးမဟုတ်ဘဲ စေတနာပါပါနဲ့ လက်တွေ့ လုပ်ဆောင်ပေးဖို့လိုအပ်နေတယ်။”ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားပင်လယ်ပြင်ကိုဗဟိုပြု၍ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင်(၄၀)ခန့်အကွာမှ တစ်နာရီလျှင်မိုင်(၆၀)နူန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်
ယင်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူနေအိမ်စုစုပေါင်း(၄၂၀)ကျော်၊ စာသင်ကျောင်း(၁၀)ခုကျော်အပါအ ဝင် အစိုးရအဆောက်အဦးများနှင့် ကျေးလက်များတွင် ပိုမိုပျက်စီးခဲ့ပြီး ပျက်စီးမှုစာရင်းအတိအကျကို ဆက် လက်စာရင်းကောက်ယူနေကာ ဒေသခံအချို့မှာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံ နေထိုင်နေရကြာင်း သိရသည်။

MMK

Leave a Reply