News Federal Times

မြန်အောင်၊ မေ ၃၁ ရက်။       ။ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း မေ ၃၀ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုရာမုန်တိုင်းကြောင့် အဆောက်အဦး(၂၄)လုံး အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မြန်အောင်မြို့မ ရဲစခန်းမှ သိရှိရသည်။
“လဲကျနေတဲ့ သစ်ပင်၊ ဝါးပင်တွေကို ပြည်သူတွေ၊ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေ၊ မီးသတ်၊ ကြက်ခြေနီ တွေ ဝိုင်းဝန်းရှင်းလင်းကြတယ်။ အိမ်ပြိုတဲ့ မိသားစုတွေကိုတော့ နီးစပ်ရာဆွေမျိုးအိမ်တွေကို ရွှေ့ပြောင်းပေး ထားပါတယ်။”ဟု မြန်အောင်မြို့မ ရဲစခန်းမှ ဒုရဲမှူး ကျော်ညွန့်က ပြောသည်။
မြန်အောင်မြို့နယ်အတွင်း မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် လူနေအိမ်အပါအဝင် ကြက်ခြံ များ၊ လမ်းမီးတိုင်များ၊ ကျွန်းပင်နှင့် ဘုန်းကြီးကျောင်းအုတ်စီတံခွန်တိုင်စသည်တို့ပြိုကျပျက်စီးခဲ့ရပြီး လူနှင့် တိရိစ္ဆာန်များ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။


“ဒီနေ့ ခလရ (၅၁)ဗိုလ်မှူးကိုယ်တိုင် သူ့အဖွဲ့တွေနဲ့ အိမ်ယိုင်နေတာကိုပြုပြင်ပေးနေတယ်။ ဒီညနေတောင် ပြန် တက်နေလို့ရပြီ။ ခုလိုကူညီပေးနေကြတော့ အခြားအခက်အခဲတွေမရှိပါဘူး။ ဒီနေ့ (မေ ၃၁ ရက်) နေ့လယ် (၂)နာရီမှာ အုပ်ချုပ်ရေးအဖွဲ့ရယ်၊ လူမှုရေးအသင်းအဖွဲ့တွေ လာလှူမယ်လို့ကြားတယ်။ ခုတော့ တယ်ကုန်းရွာ ရောက်နေတယ်ပြောတယ်။”ဟု မာလကာကုန်းကျေးရွာနေ ကိုဝင်းကြည်ကပြောသည်။
မုန်တိုင်းကြောင့် မြန်အောင်မြို့နယ်အတွင်းရှိ တယ်ကုန်းအုပ်စု အိမ်ကြီးကုန်းကျေးရွာမှ လူနေအိမ်(၈)လုံး၊ မြစ် ကျိုးအုပ်စု မာလကာကုန်းကျေးရွာမှ ဘုန်းကြီးကျောင်းဝန်းရှိ အုတ်စီတံခွန်တိုင်တစ်ခု၊ လူနေအိမ်နှင့် ကြက်ခြံ (၁၆)ခြံ ပျက်စီးခဲ့ပြီး မြန်အောင်-ကြံခင်းကားလမ်းရှိ ကွန်ကရစ်ဓါတ်တိုင်(၂)တိုင်ပြိုလဲကာ ကျွန်းပင်(၁၀)ပင် ကိုင်းများ ကျိုးကျခဲ့ပြီး စုစုပေါင်းတန်ဖိုးကျပ် (၁၇)သိန်းကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

MMK

Leave a Reply