News Federal Times

ဘားအံ၊ မေ ၃၁ ။      ။ ပန် ၇၅ ပြောင်းမျိုးသည် တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးနိုင်သဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ပန်-၇၅ ပြောင်းမျိုးကို စီးပွားဖြစ်စိုက်ပျိုးသူများလာကြောင်း ဘားအံမြို့နယ် ပြောင်းစိုက်တောင်သူများထံမှ သိရှိရသည်။
ယခင်က တစ်နှစ်လျှင် နှစ်ကြိမ်ထွက်ရှိသည့် ဗမာပြောင်းစိုက်ပျိုးနေရာမှ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် တစ်နှစ်လျှင် သုံးကြိမ်ထွက်ရှိသော ပန်-၇၅ ပြောင်းကို အစားထိုးစိုက်ပျိုးလာခြင်းဖြစ်ကာ ပြောင်းဖူး အထွက်နှုန်းလည်း (၃၀)ရာခိုင်နှုန်းခန့်ပိုများကြောင်း သိရသည်။
“ဒီပြောင်းမျိုးက ထိုင်းနိုင်ငံကလာတာ။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာစိုက်တယ်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ရိတ် သိမ်းတယ်၊ သိမ်းပြီးတာနဲ့ ပြန်စိုက်တယ်။ မတ်လမှာ ရိတ်သိမ်းတယ်။ ပြီးရင် ချက်ချင်းပြန်စိုက်တယ်။”ဟု ဘားအံမြို့နယ်၊ ရေကျေးရွာမှ ပြောင်းစိုက်တောင်သူ ဒေါ်အေးသိန်းကပြောသည်။


ယင်းပြောင်းဖူးများကို ဘားအံမြို့နှင့် မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ကုန်သည်များမှာ ပြောင်း ဖူးစိုက်ခင်းများအရောက် ဝယ်ယူမှုများလည်းရှိနေကြောင်း သိရသည်။
“တစ်ဖူးကို (၉၀)ကျပ်ကနေ(၁၀၀)ကျပ်နှုန်း ပျမ်းမျှရောင်းရတယ်။ ကျွန်တော်တို့ တစ်ရွာလုံးစိုက်တယ်။ တစ်နှစ် ကို လေးကြိမ်စိုက်လို့ရပေမယ့် တစ်ကြိမ်လွှတ်ပြီး သုံးကြိမ်စိုက်ပျိုးပါတယ်။”ဟု ရေကျေးရွာမှ ပြောင်းစိုက်တောင် သူ ကိုသက်ဆွေကပြောသည်။
ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ပြောင်းအပါအဝင် အခြားသီးနှံများကို ရာသီသုံး မျိုးလုံး စိုက်ပျိုးလျက်ရှိရာ ပြောင်းများကို ရာသီမရွေးစိုက်ပျိုးနိုင်ခြင်းကြောင့် စိုက်ပျိုးသူများလာ ကြောင်း သိရသည်။

MMK

Leave a Reply