News Federal Times

ရန်ကုန်၊ မေ (၉) ရက် ။       ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ နှုတ်ထွက်ရန် ကချင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့(KIO)မှ စာတင်ထားသော်လည်း ခေါင်းဆောင်ပိုင်းများ အစည်းအဝေးပြုလုပ်နေခြင်းကြောင့် မည်သည့်အကြောင်းကြောင့် နှုတ်ထွက်ရသည်ကိုမူ မသိရှိရသေးကြောင်း KIA တပ်ဖွဲ့မှ သိရှိရသည်။
“ကျွန်တော်တို့က စစ်ဖက်အောက်ပိုင်းကလူတွေဆိုတော့ တိတိကျကျတော့မသိသေးပါဘူး။ အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ အစည်းအဝေးလုပ်နေတယ်။ သူတို့လည်း ဒီအချိန်မှာ ဘာမှပြောနိုင်မှာ မဟုတ်သေးပါဘူး။”ဟု KIA မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ KIO ၏ နည်းပညာအကြံပေးအဖွ့ဲဝင် ဦးဒေါင်ခါးအား မေ ၉ ရက်က ဖုန်းဆက်မေး မြန်းခဲ့သော်လည်း အစည်းအဝေးပြုလုပ်နေခြင်းကြောင့် လက်ခံဖြေကြားနိုင်ခြင်းမရှိခဲ့ပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ စတုထ္ထအကြိမ်အစည်းအဝေး၊ ပန်ခမ်းညီလာခံကို ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ အထူးဒေသ(၂)၊ “ဝ”ပြည်နယ်အစိုးရဌာနချုပ်၌ ပြုလုပ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးနိုင်ရေး အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)တို့ ဧပြီ ၂၈ ရက်က တွေ့ဆုံခဲ့ကြသည်။


ထိုသို့တွေ့ဆုံပြီးနောက် ဧပြီ ၂၉ ရက်တွင် KIO က UNFC မှ နုတ်ထွက်ရန် စာတင်ခဲ့ခြင်းဖြစ်ကာ “ဝ”အမျိုးသား အဖွဲ့ချုပ်(WNO)ကလည်း UNFC မှ နုတ်ထွက်ရန်ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးလေ့လာသူများက KIO ၏ နိုင်ငံရေးလုပ်ဆောင်သည့် ပုံစံကို မှန်းရခက်နေပြီး အစိုးရဖက်မှ မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည့်အပေါ်တွင်သာ ဝေဖန်ရမည်ဟုပြောဆိုနေကြသော်လည်း ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ပူးတွဲစောင့်ကြည်ရေးကော်မတီ(JMC –U)မှ အတွင်းရေးမှူး(၁)ဒေါက်တာရွှေခါးက ပြောကြားရာ တွင် KIO နှင့် “ဝ”အဖွဲ့အစည်းမှာ UNFC မှ NCA လက်မှတ်ထိုးလိုသည့်အဖွဲ့များကို လမ်းဖွင့်ပေးသည့် သဘောဖြစ်ကြောင်း မေ ၉ ရက်က သုံးသပ်ပြောကြားသည်။
“ကျွန်တော့်အမြင်ကတော့ KIO က လက်မှတ်မထိုးချင်တော့ UCFC က လက်မှတ်ထိုးချင်တဲ့အဖွဲ့တွေကို လမ်း ဖွင့်ပေးသလိုသဘောဖြစ်နိုင်တယ်။ နောက်တစ်ခုက သူတို့က အစိုးရနဲ့သီးသန့်ဆွေးနွေးသွားချင်လို့ လုပ်တဲ့ပုံစံ မျိုးလည်းဖြစ်နိုင်တယ်။”ဟု ဒေါက်တာရွှေခါးကပြောသည်။
UNFC တွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ “ဝ”အမျိုးသား အဖွဲ့ချုပ်(WNO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ပါဝင်ကြောင်း သိရသည်။

MMK

Leave a Reply