News Federal Times

တောင်ကြီး၊ မေ ၃ ။     ။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အင်းလေးဒေသထွက်ခရမ်းချဉ်သီးများမှာ ရေလုံလောက်မူမရှိဘဲ ပိုးကျရောက်နေခြင်းကြောင့် ခရမ်းချဉ်သီးများ ပျက်စီးကာ ခရမ်းချဉ်သီးစိုက်တောင်သူများ ဆုံးရှုံးမှုများ ရှိနေကြောင်း အင်းလေး ဒေသခံ ခရမ်းချဉ်သီး စိုက်တောင်သူများထံမှ သိရှိရသည်။

ယခုကျနေသည့် ပိုးမှာ ယခင်ကကျခဲ့သည့် ပိုးနှင့် မတူဘဲ ရာသီဥတုအခြေအနေနှင့် အင်းလေးဒေသ ရေခန်းသည့် အပေါ်မူတည်၍ ကျရောက်ခြင်းဖြစ်ကာ အဆိုပါ ပိုးသည် လေထုထဲမှ တဆင့် ကူးစက်ခြင်းဖြစ်ပြီး မိုးရွာသွန်းပါက ပျောက်သွားကြောင်း သိရသည်။
“ဒီနှစ်ကျတဲ့ ပိုးမျိုး အရင်မတွေ့ဖူးဘူး။ ပိုးအပေါက်မပါဘူး။ အတွင်းထဲမှာပဲ လှိုက်စားနေတာ။ အစိမ်းစခူးချိန်မှာ မသိရဘူး။ မှည့်သွားတဲ့ခါကျမှ ပိုးတွေ့တာ၊ ရေမနိုင်တာလို့လည်းထင်တယ်။ ပိုးသတ်ဆေးတွေက ကိုယ်တတ် နိုင်တာလေးတွေပဲ ဖျန်းတာဆိုတော့ ဆေးယဉ်ပါးနေတာလည်းဖြစ်မယ်။”ဟု ညောင်ရွှေမြို့နယ်၊ ရွာကြီးအထက် ရွာမှ ခရမ်းချဉ်သီးစိုက်တောင်သူ ဦးသန်းအောင်ကပြောသည်။


အဆိုပါ ပိုးမှာ ဇန်နဝါရီလမှ စတင်ကျရောက်ခဲ့ခြင်းဖြစ်ပြီး (၃)လကျော်ကြာနေပြီဖြစ်ကာ ယခုရက်ပိုင်းအတွင်း မိုးရွာလာသဖြင့် ပိုးကျမှုနည်းသွားသော်လည်း ပိုးများလာပါက ခရမ်းချဉ်သီးစိုက်တောင်သူများ ဆုံးရှုံးမှု ပိုလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“ဒီနှစ် ခရမ်းချဉ်သီးစပေါ်ချိန်တည်းက ဈေးကွက်ပျက်သွားတာပေါ့။ ပွဲရုံတွေ အဝယ်မလိုက်တော့ဘူးပေါ့။ ပြီး တော့ အခုရာသီ ကျောက်မဲသီးထွက်နေတာကြောင့် အင်းသီးဈေးကျသွားတာ။ ကျွန်တော်တို့လည်း အရှုံးပေါ် တာပေါ့။ ခရမ်းချဉ်သီးကို နိုင်ငံခြားတင်ပို့မှုမရှိပါဘူး။ တိုးလို့မရသေးဘူး။ ဒီမှာကစိုက်ပျိုးစရိတ်အရမ်းကြီးလို့ ဧကဝက်လောက်ကို စိုက်ပျိုးကုန်ကျစရိတ်(၆)သိန်းရှိတယ်။ အခုလိုပိုးကျနေရင် တောင်သူတွေအရှုံးပေါ်ဖို့ တောင် ရှိနေတယ်။”ဟု ညောင်ရွှေမြို့(သားကြီး)ခရမ်းချဉ်သီးပွဲရုံပိုင်ရှင် ကိုသားကြီးကပြောသည်။
မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီး(၄)မျိုးစိုက်ပျိုးကြပြီး ဗမာသီး၊ ထိုင်ဝမ်သီး၊ အင်းသီး၊ ကျောက်မဲသီးဟုရှိကာ လက်ရှိအင်းသီးဈေးနှုန်းမှာတစ်ပိဿာလျှင် ကျပ် (၄၂၀) ဝန်းကျင်သာရှိပြီး ယခင်နှစ်က တစ်ပိဿာလျှင် (၉၀၀) ကျပ်အထိရှိခဲ့ကြောင်း သိရသည်။

MMK

Leave a Reply