News Federal Times

ပြည်၊ မေ(၉)ရက်။      ။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် အစိုးရသစ်လက်ထက်၌ တောင်သူ လယ်သမားများ အတွက် ပြန်လည်စွန့်လွှတ်ပေးခဲ့သည့် လယ်ယာမြေ စုစုပေါင်းဧက (၂၀၀၀) ကျော်ရှိခဲ့ပြီဖြစ်ကြောင်း ပြည်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သိရှိရသည်။
အဆိုပါ စွန့်လွှတ်ခဲ့သည့် လယ်ယာမြေများမှာ ပြည်မြို့ ရွှေတံခါးလေယာဉ်ကွင်းတွင် (၂၈.၁၆)ဧက ပြည်မြို့နယ် မြောက်နဝင်းရွာသစ်ကြီး တုံးရေသစ်တောကြိုးဝိုင်းမှ သစ်တောပယ်ဖျက်မြေ လယ်ယာမြေဧကပေါင်း (၂၂၀၁.၂၅) တို့ဖြစ်ပြီး စုစုပေါင်းတောင်သူဦးရေ (၅၀၀)ကျော်အတွက် ပြန်လည်စွန့်လွှတ်ခဲ့ကြောင်း သိရသည်။
“ပြန်လည်စွန့်လွှတ်တဲ့နေရာမှာတော့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထက် ရပ်ကျေးလယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့တွေမှာက ပိုပြီးအခက်အခဲဖြစ်တယ်။ ကျေးရွာအဆင့်မှာက ပြန်လည်စွန့်လွှတ်တော့မယ်ဆိုရင် ဒီမြေကို ဘယ်သူတွေကလုပ်စားတယ် ဘယ်သူတွေကပိုင်တယ်ဆိုတာတွေကို သေချာအောင် စိစစ်တာတွေလုပ်ရတယ်။ စွန့်လွှတ်တော့မယ်ဆိုတဲ့အခါမှ ပိုင်ဆိုင်မှုအငြင်းပွားတာတွေလည်းရှိတော့ အဲ့တာတွေကို သေချာအောင် စီစစ်မှု တွေလုပ်ပြီးမှ မြို့နယ်ကိုရောက်လာတာမျိုးဆိုတော့ အောက်ခြေရပ်ကျေးမှာတော့ တော်တော် အခက်အခဲ ကြုံရတယ်။”ဟု ပြည်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောသည်။


လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကို စီစစ်မှုများပြုလုပ်ရာတွင် သိမ်းဆည်းမြေပေါ်၌အကောင် ထည်ဖော်လျှက်ရှိသည့် လုပ်ငန်းမှာ ဒေသအတွက် အကျိုးရှိမရှိ၊ သိမ်းဆည်မြေပေါ်တွင် အမှန် တကယ် လုပ်ငန်းဆောင်ရွက်နေမှုရှိမရှိ၊ လုပ်ငန်းဆောင်ရွက်မှုမှာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်လမ်း ရမရ၊ သိမ်းဆည်းမြေပေါ်တွင် မူလတင်ပြထားသည့် စီမံကိန်းအမျိုးအစားအတိုင်းလုပ် မလုပ်၊သိမ်းဆည်းမြေများ အပေါ် တင်ပြတောင်းခံလာသူများ၏ အထောက်အထား ပြည့်စုံမှန်ကန်မှုရှိမရှိ၊ သိမ်းဆည်းမြေများအား အခြားအဖွဲ့အစည်းတစ်ခုသို့ ငှားရမ်းထားပါက ငှားရမ်းသက်တမ်းမည်မျှကျန်ရှိခြင်း စသည့်အချက် (၆) ချက်ဖြင့် အဓိကထား စီစစ်ဆောင်ရွက်ကြောင်း သိရသည်။
ထိုပြင် ပြည်မြို့နယ်အတွင်း ရဲတပ်ရင်း(၁၀)မှ သိမ်းဆည်းမြေများ၊ ဝက်ထီးကန်တိုက်နယ်အတွင်းရှိ လေထပ် ပြင်ကွင်း၊ ကွင်းကြီးရွာ၊ ကံကျိုးရွာတို့မှ သိမ်းဆည်းမြေများ၊ အနောက်လက်ခုပ်ပင်ကျေးရွာ၊ တီတွတ်ဂေါက်ကွင်း၊ ဆည်မြောင်းစက်မှု (၃)တို့မှ သိမ်းဆည်းမြေများ စုစုပေါင်း ဧက (၈၀၀) ကျော်ကို ပြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ စီစစ်ဆဲအနေအထားတွင် ရှိနေသေးကြောင်း သိရသည်။
ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ပြည်မြို့နယ်အတွင်း တပ်ပိုင်မြေများအဖြစ်မှ တောင်သူလယ်သမာများထံသို့ ပြန်လည်စွန့်လွှတ်ပေးခဲ့သည် မြေယာဧက (၁၄၀၀)ကျော်ရှိခဲ့ကြောင်း ပြည်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။


MMK

Leave a Reply