မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာရှိMCLဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှကျောက်မီးသွေးတန်ချိန် တစ်သိန်းကျော်ကိုသင်္ဘောများဖြင့် တင်သွင်းထားကြောင်းမွန်ပြည်နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အရာရှိဦးခင်မောင်ဝင်းကဟင်္သာမီဒီယာသို့ ပြောသည်။

mcl

ပြည်ပမှ တင်သွင်းလာသည့်ကျောက်မီးသွေးများကိုရန်ကုန် သီလဝါဆိပ်ကမ်းတွင်အကောက်ခွန်ဌာနမှ စစ်ဆေးပြီး ပြည်တွင်းမှ ကျောက်မီးသွေးတင်သင်္ဘောများဖြင့်တင်သွင်းသည်မှာလေးကြိ်မ်မြောက်ရှိပြီ ဖြစ်ကြောင်းဦးခင်မောင်ဝင်းကပြောသည်။

“MCLစက်ရုံကဖေဖော်ဝါရီလလောက်ကတည်းကသွင်းလာတာအခုလေးကြိမ်မြောက်မှာကျောက်မီးသွေးအားလုံးပေါင်းတန်ချိန် တစ်သိန်းကျော်လောက်သွင်းပြီးသွားပါပြီ” ဟုဦးခင်မောင်ဝင်းကဆိုသည်။

ကျောက်မီးသွေးများကိုယခုနှစ်ဖေဖော်ဝါရီလတွင် တန်ချိန် ၂၆၅၀ဝခန့် ၊ ဇူလိုင်လတွင် တန်ချိန် ၃၀၈၀ဝခန့်၊ စက်တင်ဘာလတွင် တန်ချိန် ၃၀၇၀ဝခန့်၊ အောက်တိုဘာလတွင် ၃၀ဝ၀ဝခန့် စုစုပေါင်းလေးကြိမ်တိုင်တိုင် တင်သွင်းထားကြောင်း ၎င်းကဆိုသည်။

MCLဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအသုံးပြုလည်ပတ်နေခြင်းကိုဒေသခံများကကန့်ကွက်မှုပြုလုပ်နေသည့်ကြားမှ အစိုးရကကျောက်မီးသွေးတင်သွင်းခွင့်ပေးနေခြင်းသည် ဒေသခံများ၏သဘောထားကိုမျက်ကွယ်ပြုရာရောက်ကြောင်းကျောက်မီးသွေးအသုံးပြုခြင်းကိုကန့်ကွက်သူ ကဒုံစိရွာမှ နိုင်မစ်ကပြောသည်။

“ ကျောက်မီးသွေးနဲ့ပတ်သက်ပြီးတော့ ပြောခဲ့ပေါင်းလည်းများနေပြီ၊ ပြောခဲ့တဲ့အတိုင်းလည်းတစ်ခုမှဖြစ်မလာဘူး၊ ဒေသခံတွေကန့်ကွက်နေတဲ့ကြားကဒီလိုဝင်နေတော့ ဘယ်စိတ်ကောင်းပါ့မလဲ” ဟု နိုင်မစ်ကဆိုသည်။

MCLဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးတင်သင်္ဘောများကိုအတ္တရံမြစ်မှတစ်ဆင့်တင်သွင်းရန် ပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းဦးခင်မောင်ဝင်းကပြောသည်။

တစ်ရက် တန် (၅ဝဝဝ)ကျ MCL ဘိလပ်မြေစက်ရုံကြီးကို လျှပ်စစ်ဓာတ်အား ၅၉မဂ္ဂါဝပ်ဖြင့် လည်ပတ်နိုင်ရန် စီစဉ်ထားပြီးထိုအတွင်းမှ ၅ဝ မဂ္ဂါဝပ်ကိုအင်ဒိုနီးရှားမှ မှာယူထားသည့် ကျောက်မီးသွေးကိုအသုံးပြု၍ထုတ်လုပ်သွားမည်ဟုMCLဘိလပ်မြေစက်ရုံတာဝန်ခံကစက်ရုံတည်ဆောက်ချိန်ကပြောခဲ့သည်။

Leave a Reply