မော်လမြိုင်၊ အောက်တိုဘာ ။ ။ ကျိုက်က်မရောမြို့နယ်တွင် ကျောက်မီးသွေးသုံး လည်ပတ်နေသည့် MCL ဘိလပ်မြေ စက်ရုံမှ ဘိလပ်မြေ အိတ် ၂၀ဝ၀ ကျော် လှူဒါန်းမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လက်ခံခြင်းအပေါ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အပါ အဝင် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန် ပြောဆိုလိုက်သည်။

mcl

“ပြည်သူတွေ ဒီကိစ္စကို ကန့်ကွက်နေတာကို အစိုးရက သိတယ်၊ စက်ရုံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတင်တာကို အစိုးရကြားတယ်၊ သူတို့ လှူဒါန်းတာကို လက်ခံတယ်၊ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ ပြည်သူတွေ အတွက် ကောင်းတဲ့ အချင်းအရာ မဟုတ်ဘူး”ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

MCL စက်ရုံ ကျောက်မီးသွေးသုံး လည်ပတ်နေမှုကို အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် ဒေသခံပြည်သူ များက အကြိမ်ကြိမ် ကန့်ကွက် စာပေးပို့ခဲ့ပြီး၊ စက်တင်ဘာလကုန်တွင်လည်း ဒေသခံပြည်သူ ၁၃၀ဝ၀ ကျော်က ကျောက်မီးသွေး အသုံးပြုမှုကို ရပ်ဆိုင်းပေးရန် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထိုအပြင် MCL ဘိလပ်မြေ စက်ရုံ၏ ဘိလပ်မြေများကို ပြည်နယ်အစိုးရအနေဖြင့် လက်ခံခြင်းအပေါ် နားမလည်နိုင်ကြောင်း ဒေါ်တင်အိက ပြောကြားသည်။

“အစ်ကိုတို့အနေနဲ့က ဒါက မဖြစ်သင့်ဘူးလို့မြင်တယ်၊ ဒီကိစ္စကို လူထုက ကန့်ကွက်နေတယ်၊ ဒီဟာတွေကို လက်ခံလိုက်တော့ ကျောက်မီးသွေးအသုံပြုမှုကို အစိုးရက ခွင့်ပြုတဲ့ သဘောဖြစ်နေတယ်”ဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောဆိုသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၏ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် MCL ဘိလပ်မြေ စက်ရုံ ကျောက်မီးသွေး လည်ပတ်မှုကို စွမ်းအင်ပြောင်းလဲ သုံးစွဲရန် အကြံပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ဆောင်ရာတွင် အသုံးပြုရန်အတွက် MCL ဘိလပ်မြေ စက်ရုံက အောက်တိုဘာ ၁၉ ရက်နေ့တွင် စက်ရုံ ဘိလပ်မြေ အိတ် ၂၀ဝ၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း Pacific Link Cement Industries Co.Ltd မှ အမှုဆောင်အရာရှိ ဦးဇော်လွင်ဦးက ပြောသည်။

အဆိုပါ ဘိလပ်မြေ အိတ်များကို မွန်ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်သလို အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

အလားတူ MCL ဘိလပ်မြေ စက်ရုံအနေဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့က ကျိုက်မရောမြို့မ ရဲစခန်းတွင် ရဲဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ရန်အတွက် ကျပ် သိန်း ၁၀ဝ ကို လှူဒါန်းခဲ့ကြောင်း ကျိုက်မရောဒေသခံများက ပြောကြားသည်။

Leave a Reply