Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၆

ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ MCL ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ၂၀ မဂ္ဂါဝပ် နှစ်လုံးအား ခွင့်ပြုမိန့်
မရှိသည့်အတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။

လတ်တလောအခြေအနေအရ တည်ဆဲဥပဒေကို ချိုးဖောက်ထားသည့်အတွက် အရေးယူရမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်မှ အတည်ပြုထားသည့်အဆိုကို ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဦးအောင်ကျော်သူက ပြောကြားသည်။

“ကျွန်တော်ကတော့ ဘိလပ်မြေစက်ရုံတို့ ကျောက်မီးသွေးတို့ ကန့်ကွက်နေတာမဟုတ်ဘူး။ ဒီအဆိုရဲ့ အဓိက အနှစ်သာရက ဥပဒေနဲ့ မညီတဲ့ဟာကို ကျွန်တော်တို့ကန့်ကွက်တယ်။ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေအတိုင်း ထောက်ပြဆွေးနွေးပေးခဲ့တာပါ”ဟု ၎င်းကဆိုသည်။

ယင်းကိစ္စမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၅၇၁/၂၀၁၃ ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းတွင်ပါဝင်ကြောင်းနှင့် လျှပ်စစ်နည်းဥပဒေအမိန့်ကြေညာစာအမှတ် ၁၉၈/၂၀၁၅ တွင်ပါရှိသည့် ပုဒ်မ ၇၃ နှင့် ကိုက်ညီသဖြင့် ခွင့်ပြုမိန့်ရယူရန် မလိုအပ်ကြောင်း မွန်ပြည်
နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြန်လည်ပြောကြားခဲ့သည်။

“အခုလိုလုပ်သွားတာတော့ ကျွန်တော့်အနေနဲ့ MCL ကို အကြောင်းကြားလိုက်မှာပေါ့။ ခင်ဗျားတို့ ဒီဟာ ပြည်ထောင်စုလျှပ်စစ်ဌာနမှာ တရားဝင်အကြောင်းကြားလိုက်ပါဆိုလည်း ပြီးတာပဲ။ ဥပဒေနဲ့အညီလုပ်လိုက်ပါ ဆိုတော့လည်း ပြီးတာပဲ။ ဘာမှ အခက်အခဲမရှိပါဘူး။ MCLအနေနဲ့လည်း အခက်အခဲမရှိပါဘူး”ဟု ၎င်းကပြောသည်။

 

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသော်လည်း ဝန်ကြီးချုပ်က ကန့်ကွက်သည့်အတွက် ကိုယ်စားလှယ် ၂၈ ဦးမှ မဲခွဲဆုံး
ဖြတ်ရာတွင် ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၇ မဲနှင့် ပယ်မဲ ၄ မဲ ရရှိသည့်အတွက် စက်တင်ဘာလ ၆ ရက်၌ အတည်ပြုခဲ့သည်။

MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနေမှုကို မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ ဇူလိုင်လ ၇ ရက်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ စာပေးပို့မေးမြန်းခဲ့ရာ ယင်းစက်ရုံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ခန့်အားရရှိရန် ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်အင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးအတွက် ခဲ့သော်လည်းဓာတ်အားစနစ်တည်ဆောက်ရန် ကြိုတင်ခွင့်ပြုမိန့် ရယူပြန်ကြားခဲ့ခြင်း မရှိကြောင်း သြဂုတ်လ ၁၅ ရက်တွင် ဝန်ကြီးဌာနမှ တရားဝင်ပြန်ကြားစာ ပေးပို့ခဲ့ကြောင်းသိရသည်။

ရွှေရိုး

Leave a Reply