မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာရှိ MCL ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ထုတ်လုပ်ရန် ကျောက်မီးသွေးတန်ချိန် သုံးသောင်းကျော်ကို ဇူလိုင်လ ၁၉ရက်နေ့က သံလွင်မြစ်အတွင်း သင်္ဘောများဖြင့် စတင်တင်သွင်းလျက်ရှိကြောင်း မွန်ပြည်နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အရာရှိ ဦးခင်မောင်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

mcl-ship

ပြည်ပမှတင်သွင်းလာသည့် ကျောက်မီးသွေးများကို ရန်ကုန် သီလဝါဆိပ်ကမ်းတွင် အကောက်ခွန်ဌာနမှ စစ်ဆေးပြီး ပြည်တွင်းသင်္ဘော ၁၈ စီး ဖြင့် ခွဲဝေကာ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

“ရန်ကုန်ကနေ သင်္ဘောတွေနဲ့ သယ်လာပြီးတော့ အကြမ်းဖျင်းအားဖြင့် တန်ချိန် သုံးသောင်းလို့ သိရတယ်”ဟု ဦးခင်မောင်ဝင်းက ဆိုသည်။

ကျောက်မီးသွေးတင်သင်္ဘော ၁၈ စီး အနက်မှ သုံးစီးမှာ MCLဘိလပ်မြေစက်ရုံသို့ ရောက်ရှိသွားပြီဖြစ်ပြီး သံလွင်မြစ်အတွင်း ကျောက်ချရပ်နားထားသည့် ကျောက်မီးသွေးတင်သင်္ဘော သုံးစီး ရှိနေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

MCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးတင်သင်္ဘောများကို အတ္တရံမြစ်မှတစ်ဆင့် တင်သွင်းရန် ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် တင်သွင်းခြင်းဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

“ကျောက်မီးသွေးတင်သင်္ဘောတွေက ရန်ကုန်မှာ စစ်ဆေးပြီးသားဖြစ်တဲ့အတွက် မော်လမြိုင်မှာတော့ အသေးစိတ် စစ်ဆေးတာတွေ မလုပ်တော့ဘူး”ဟု မွန်ပြည်နယ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်ရက် တန် (၅ဝဝဝ) ကျ MCL ဘိလပ်မြေစက်ရုံကြီးကို လျှပ်စစ်ဓာတ်အား ၅၉ မဂ္ဂါဝပ်ဖြင့် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး အင်ဒိုနီးရှားမှ မှာယူထားသည့် ကျောက်မီးသွေးကို အသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း MCL ဘိလပ်မြေစက်ရုံတာဝန်ခံက ပြောသည်။

အဆိုပါဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြု၍ လည်ပတ်နေခြင်းကို ဒေသခံများက ကန့်ကွက်လျက် ရှိသည်။

Leave a Reply