MCL စက်ရုံ အစားထိုး လောင်စာအတွက် စပါးခွံမှ စွမ်းအင် ထုတ်မည်ဟု ဆို

မော်လမြိုင်၊ ဇွန် ၁၀

ကျောက်မီးသွေးဖြင့် လျှစ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံသည် အစားထိုး လောင်စာအတွက် စပါးခွံမှ စွမ်းအင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက်တွင် ကုမ္ပဏီက သတင်း ထုတ်ပြန်လိုက်သည်။

ကုမ္ပဏီသည် ပြန်လည် အသုံးပြု စွမ်းအင် စပါးခွံမှ အပူစွမ်းအင် ထုတ်လုပ်ယူရန် ယမန်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ ၁၂ ရက်တာ စမ်းသပ်ကာလ အနေဖြင့် စတင်သုံးစွဲခဲ့ကာ ထိုအချိန်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၉၈ တန်ကို လျှော့ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စပါးခွံလောင်စာသုံးစွဲမှု ပဏာမခြေလှမ်းဟာ ဇီဝလောင်စာတွေကို ပြန်လည်သုံးစွဲနိုင်ဖို့နဲ့ MCL အနီးအနားတစ်ဝိုက် နယ်မြေရှစ်ခုက ဒေသခံလယ်သမားတွေရဲ့ဆန်စက်လုပ်ငန်းတွေကို အပိုဝင်ငွေရရှိစေဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု MCL စက်ရုံ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Surachai Pornjindachote က ပြောဆိုသည်။

ထို့အပြင် MCL စက်ရုံအနေဖြင့် တစ်နှစ်လျှင် စပါးခွံတန်ပေါင်း ၉၆၀၀ဝ နှင့် အခြားဇီဝလောင်စာများ အစားထိုးသုံးစွဲခြင်းဖြင့် လက်ရှိအပူစွမ်းအင် ပမာဏ၏ ၂၀ ရာခိုင်နှုန်းကို သက်သာစေမည့်အပြင် ၂၀၂၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ပေါင်း ၁၂ဝဝဝဝ ကို လျှော့ချနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စိုက်ပျိုးထုတ်ကုန် အကြွင်းအကျန်နှင့် စွန့်ပစ်ပစ္စည်းဖြစ်သော စပါးခွံသည် သဘာဝစွမ်းအင် ထုတ်လုပ်ပေးနိုင်သော ဇီဝလောင်စာ၏ အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် မွန်ပြည်နယ်တွင် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုများမှ နေ့စဉ်ထွက်ရှိသော စပါးခွံ တန်ပေါင်း ၈၉၀ ကျော် သည် အကျိုးမဲ့ပြုန်းတီးလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ဘိလပ်မြေစက်ရုံများအနက် စပါးခွံမှ စွမ်းအင် ထုတ်လုပ်မှု MCL ကုမ္ပဏီက ပထမဦးဆုံးအဖြစ် စတင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်