မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကဒုံစိကျေးရွာရှိ MCL ဘိလပ်မြေစက်ရုံအတွင်း တရားမဝင်နေထိုင်သော နိုင်ငံခြားသားများကို စစ်ဆေးတွေ့ရှိခြင်းကြောင့် စက်ရုံတာဝန်ရှိသူ မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ခြောက်ဦးကို တရားစွဲထားကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်းကြီး ဗိုလ်မှူးကြီး ဝင်းနိုင်းဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

mcl

စက်ရုံအတွင်း နိုင်ငံခြားသားများ ရောက်ရှိနေထိုင်မှုကို သတင်းပို့ရန် ပျက်ကွက်ခြင်းကြောင့် စက်ရုံတာဝန်ရှိသူ မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ခြောက်ဦးကို နိုင်ငံခြားသားများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(၁) အရ ကျိုက်မရောမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုထားကြောင်း ၎င်းက ပြောဆိုသည်။

တရားစွဲခံထားရသူများမှာ MCL ဘိလပ်မြေစက်ရုံမှ လူ့အရင်းမြစ်အုပ်ချုပ်မှုမန်နေဂျာ ထိုင်းနိုင်ငံသား တစ်ဦး၊ စက်ရုံမန်နေဂျာ မြန်မာနိုင်ငံသား တစ်ဦးနှင့် ကုမ္ပဏီတာဝန်ခံ တရုတ်နိုင်ငံသား လေးဦးတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

တရားစွဲဆိုထားခဲ့သော MCL စက်ရုံတာဝန်ရှိသူ ခြောက်ဦးအနက်မှ နိုင်ငံခြားသားငါးဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုကြောင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လက်တလော ပြဌာန်းချက် ဥပဒေပုဒ်မ ၁၃(၁) အရ ကျိုက်မရောမြို့နယ် ရဲစခန်းတွင် အောက်တိုဘာ ၄ ရက်နေ့က ထပ်ဆင့်အမှုဖွင့် အရေးယူထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မွန်ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းက ပြောဆိုသည်။

“တရုတ်နိုင်ငံခြားသား ၁၁ ယောက်က ဗီဇာအရ ၂၈ ရက်နေ့မှ ရောက်ရမှာဖြစ်ပြီး ရောက်တာနဲ့ (လဝက) ကို သတင်းပို့ရမှာ၊ ဒါပေမယ့် သူတို့က ၂ဝ ရက်နေ့ကတည်းက ကြိုရောက်နေတယ်၊ ၈ ရက်လောက် သတင်းပို့ ပျက်ကွက်တာ တစ်ခုတည်း မဟုတ်ပဲနဲ့ တရားမဝင်နေတဲ့ သဘောဖြစ်တဲ့အတွက် သူတို့ရဲ့ စက်ရုံတာဝန်ခံ ခြောက်ယောက်ကို အမှုဖွင့်အရေးယူခြင်းဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

သြဂုတ်လတွင်လည်း တရားမဝင်နေထိုင်မှုများနှင့် သတင်းပို့ပျက်ကွက်သူများကို တစ်ပတ်အတွင်း သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့ရန် စက်ရုံမှတာဝန်ရှိသူများကို သတိပေးဝန်ခံချက် လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့သော်လည်း ထပ်မံလိုက်နာခဲ့ခြင်းမရှိကြောင့် တရားစွဲဆိုလိုက်သည်ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

“ဒီလို စည်းကမ်းချိုးဖောက်တာက မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို မထီမဲ့မြင် ပြုရာကျတယ်၊ မွန်ပြည်နယ်မှာ ဒီလိုတရားဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာကို တို့ကစပြရမှာပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် MCL ဘိလပ်မြေစက်ရုံအတွင်း ထုတ်လုပ်ရေးအပိုင်းနှင့် တည်ဆောက်ရေးအပိုင်းတို့၌ အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈ဝ ဦးနှင့် တရုတ်နိုင်ငံသား ၂၆၁ ဦးရှိနေကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။
ဖိုးဝ၊ ခေတ်မင်း

Leave a Reply