မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာရှိ MCL ဘိလပ်မြေစက်ရုံ လည်ပတ်ရန်အတွက် အဓိက အသုံးပြုနေသော ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို အမြန်ဆုံး ရပ်တန့်ပေးရန် စက်ရုံအနီးပတ်ဝန်းကျင်မှ ဒေသခံများက ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) ကျောက်မီးသွေးအသုံးပြုမှု အမြန်ဆုံးရုပ်သိမ်းပေးရေး၊ ပျားတောင်ဒေသခံများ ဆန္ဒထုတ်ဖော်ပွဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ ကျေးရွာအသီးသီးမှ ဆရာတော်များနှင့် ဒေသခံအချို့တို့က ကျောက်မီးသွေးအသုံးပြုခြင်း၏ ဆိုးကျိုးများကို ဟောပြောခဲ့ကြသည်။

ထိုဆန္ဒပြပွဲကို ကော့ပနောကျေးရွာ ကွမ်ငန်းကျေးရွာ ကဒုံစိကျေးရွာ မယ်ကရိုကျေးရွာ အပါအဝင် ပျားတောင်အနီးအနားရှိ ကျေးရွာ ဆယ်ရွာမှ ဒေသခံ ၁၀ဝ၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

“စက်ရုံက ကျောက်မီးသွေးနဲ့ လည်ပတ်နေတာ ဒေသခံတွေက လုံးဝ သဘောမတူပါဘူး၊ ကျောက်မီးသွေး အငွေ့တွေက နှစ်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရွာကို ဖုံးလွှမ်းသွားမှာဖြစ်ပြီး လူတွေလည်း ရောဂါဖြစ်၊ စီးပွားလည်း ရှာစားလို့ရမှာ မဟုတ်တဲ့အတွက် ကျောက်မီးသွေး အသုံးပြုနေတာကို ချက်ခြင်း ရပ်စေချင်ပါတယ်”ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ကျင်းပသူ နိုင်မစ်က ဆိုသည်။

ယင်းဘိလပ်မြေစက်ရုံအား ကျောက်မီးသွေးဖြင့် လည်ပတ်မည်ဟု သိရသည့်အချိန်မှစ၍ ဒေသခံများက ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး MCL ကုမ္ပဏီဘက်မှ ဒေသခံများ၏ ဆန္ဒကို တစ်စုံတစ်ရာမျှ လိုက်လျောခြင်း မရှိခဲ့သဖြင့် ခံပြင်းမိကြောင်း ကဒုံစိကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ မိနီနီအောင်ကလည်း ၎င်း၏ဆန္ဒကို ထိုအခမ်းအနားတွင် ထုတ်ဖော်ပြောဆိုသည်။

MCL ဘိလပ်မြေကုမ္ပဏီ၏ ဘိလပ်မြေထုတ်လုပ်နေမှုများကို ကန့်ကွက်နေခြင်း မဟုတ်ဘဲ၊ ဘိလပ်မြေ ထုတ်လုပ်ရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် ကျောက်မီးသွေးအစား အခြားစွမ်းအင်ကို အသုံးပြုရန်အတွက် တောင်းဆိုနေခြင်းဖြစ်ကြောင်း ဒေသခံ မိကျလွန်းထောကလည်း ပြောဆိုသည်။

“ကျွန်တော်တို့က ကျောက်မီးသွေးကို အစိုးရ ခွင့်ပြုချက်နဲ့ တင်သွင်း အသုံးပြုနေတာ ဖြစ်ပါတယ်၊ တခြား စွမ်းအင် အရင်းအမြစ်တွေမရှိလို့ ဒါကို အသုံးပြုနေရတာ ဖြစ်ပါတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စက်ရုံက သေချာ စီမံထားပါတယ်”ဟု MCL ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဇော်လွင်ဦးက ဆိုသည်။

ဒေသခံများအနေဖြင့် ကျောက်မီးသွေး၏ ဆိုးကျိုးကို လေ့လာသိရှိထားသလို MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးကို ဆိုးကျိုးမရှိအောင် မည်သို့ စီမံထားသည်ကိုလည်း သိရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် အခြားစက်များ လည်ပတ်ပုံနှင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် မည်သို့မည်ပုံ စီစဉ်ထားပုံတို့ကို ဒေသခံများက စက်ရုံအတွင်း လာရောက် လေ့လာပါက အချိန်မရွေး တံခါးဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

ယခုလက်ရှိ အချိန်ထိ ဘိလပ်မြေစက်ရုံ လည်ပတ်နိုင်ရန် အသုံးပြုသည့် ကျောက်မီးသွေး စုစုပေါင်းတန်ချိန်မှာ ၁၈ဝဝဝဝ တန်ကျော်ကို တင်သွင်းထားပြီးဖြစ်ကာ စက်ရုံစမ်းသပ်လည်ပတ်မည့် ကာလကိုလည်း တစ်နှစ် တိုးထားကြောင်း စက်ရုံတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

Written by – ဖိုးဝ

Leave a Reply