Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းမှ သံလွင်မြစ်နှင့် အတ္ထရံမြစ်အတွင်း သွားလာနေသည့် MCL ဘိလပ်မြေ စက်ရုံ၏ သင်္ဘောများကို ပြည်နယ်အစိုးရအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ယင်းသို့ စစ်ဆေးရခြင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၁၆ အရ မြစ်အတွင်း သွားလာနေသည့် သင်္ဘောများသည် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း IEE ဆောင်ရွက်ရမည်ဖြစ်သောကြောင့် MCL အနေဖြင့် ဆောင်ရွက်ထားခြင်း ရှိ မရှိကို သိရှိရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလုပ်ငန်းတွေကို စစ်ဖို့ ပြည်နယ်အစိုးရကို စာတင်ထားတယ်။ ပြည်နယ်အစိုးရက ခွင့်ပြုတာနဲ့ စပြီးစစ်သွားမယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

စစ်ဆေးရာတွင် MCLကုမ္ပဏီသင်္ဘောများအနေဖြင့် မြစ်အတွင်း၌ ကျောက်မီးသွေးတင်ဆောင်မှု အခြေအနေများနှင့် ဘိလပ်မြေအိတ်သယ်ဆောင်ရာတွင် မြစ်အတွင်း အမှုန့်များ မကျရောက်စေရန်အတွက် မည်သို့ ကာကွယ်ထားမှုလုပ်ငန်းစဉ်များကို လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းအပြင် သင်္ဘောများသည် ကျောက်မီးသွေးအပြင် လောင်စာဆီနှင့် ဓာတုပစ္စည်းများ တင်ဆောင်ပြီးနောက် ရှင်းလင်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာ၌ အမှိုက်၊ စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးများကို မြစ်အတွင်း စွန့်ပစ်ခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကုမ္ပဏီ၏ သင်္ဘောသွားလာမှုများကို စစ်ဆေးရာတွင် IEE လုပ်ဆောင်ထားခြင်းမရှိပါက ယင်းအစီရင်ခံစာ ဆောင်ရွက်ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး တင်ပြခြင်းမရှိပါက အရေးယူရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး MCL ဘိလပ်မြေစက်ရုံ၏ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

Writte by – ဇော်ထိုက်

Advertisements
<

Leave a Reply