Advertisements

မော်လမြိုင်၊ မေ

နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြခံထားရသော ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာ ပျားတောင် (တောင်ပိုင်း) ရှိ MCLဘိလပ်မြေစက်ရုံ လည်ပတ်မှုမှ ထွက်ရှိသည့် အမှုန်လွင့်ပြန့်မှုသည် သတ်မှတ်စံနှုန်းထက် ကျော်လွန်နေကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

အဆိုပါ စက်ရုံ၏ လေထုအရည်အသွေး၊ ရေထုအရည်အသွေး၊ အသံဆူညံမှု တို့ကို အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစံချိန် စံညွှန်းနှင့် ကိုက်ညီခြင်း ရှိ၊မရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးရာ ထိုအခြေအနေကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

“အသံဆူညံမှုတို့ ရေထုတို့ စစ်ဆေးတာတော့ သာမန် (Normal)ပဲ၊ စက်ရုံအတွင်း နှစ်နေရာက လေထဲမှာတော့ ဖုန်လွင့်ပြန့်မှုကသတ်မှတ်တာထက် မြင့်တတ်နေတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

ထိုသို့ စစ်ဆေးရာတွင် ဘိလပ်မြေစက်ရုံ အတွင်းရှိ Power Plant နှင့် လူစုဝေးရာ နေရာနှစ်ခု၏ လေထုအရည်အသွေးကို Parameter ( ၆) မျိုးဖြင့် မတ်လအတွင်းက တိုင်းတာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ အမှုန်အမွှားများဖြစ်သည့် PM10 ၊ PM 2.5 နှင့် အိုဇုန်းထုတ်လွှတ်မှုများမှာသတ်မှတ်ထားသည့် စံချိန်စံညွှန်းထက်ကျော်လွန်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လေထုအတွင်း အမှုန်အမွှားများဖြစ်သည့် PM 10 နှင့် PM 2.5 တို့တွင် သတ်မှတ်နှုန်းထက်ကျော်လွန်ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အဆုတ်နှင့်ပတ်သက်သောရောဂါများ၊ ပန်းနာရင်ကြပ်ရောဂါများနှင့် သွေးလည်ပတ်မှုဆိုင်ရာရောဂါများ ဖြစ်ပွားစေနိုင်သည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ၏ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်စစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသည့် အစီရင်ခံစာတွင် ရေးသားထားသည်။

ယခု အခြေအနေမျိုး ဖြစ်ပေါ်နေမှုကို MCL ဘိလပ်မြေစက်ရုံထံအကြောင်းကြာစာ ပေးပို့သွားမည်ဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်သည့် အချက်အလက်များကိုလည်း အသေးစိတ် ညွှန်ကြားသွားမည့်အပြင်ဌာနအနေဖြင့်လည်း ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ရေထုအရည်အသွေးကို စက်ရုံ ဆိပ်ခံတံတာအနီး၊ တူးမြောင်းနှင့် အတ္တရံမြစ်ဆုံရာနေရာ၊ တူးမြောင်းအထက်ပိုင်းနှင့် တူးမြောင်းအောက်ပိုင်း စသည့်နေရာလေးခုမှ နမူနာယူကာ စစ်ဆေးခဲ့ပြီး၊ အသံဆူညံမှု ရှိ မရှိကို စက်ရုံအတွင်းနှင့် စက်ရုံ ပတ်ဝန်းကျင် ၁၆ နေရာတို့ကို စစ်ဆေးခဲ့သော်လည်း သတ်မှတ်စံနှုန်းထက်ကျော်လွန်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လေထုအတွင်း အမှုန်အမွှားပြန့်လွင့်မှုကို MCL ဘိလပ်မြေစက်ရုံမှအနေဖြင့် မည်သို့ ထိန်းသိမ်းမည့်အကြောင်း တာဝန်ရှိသူများကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်းမရှိပေ။

MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအတွက် မွန်ပြည်နယ် လွှတ်တော်က အခြားလောင်စာဆီ အစားထိုးအသုံးပြုရန် အကြံပြုချက်ကို ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်စည်းအဝေးပြီးနောက် အစီရင်ခံကို နိုင်ငံတော်သမ္မတထံပေးပို့ထားသည်။

စက်ရုံလောင်စာဆီ ပြောင်းလဲသုံးစွဲရန်အတွက်လည်း ဒေသခံများကကုမ္ပဏီကို ပြီးခဲ့သည့်နှစ်အတွင်းက နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုထားသည်။

Written by သက်ပိုင်

Leave a Reply