မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ကျိုက်မရောမြို့နယ်ရှိ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာ EIA (Environmental Impact Assessment) ကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပယ်ချလိုက်ပြီး ပြန်ဆွဲရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။

“သူတို့ဆွဲတင်တဲ့ EIA က အချက်အလက်တွေ မပြည့်စုံလို့ ပြန်ဆွဲပြီး အမြန်ဆုံး ပြန်တင်ပြဖို့ကိုလည်း ပြည်ထောင်စုက ညွှန်ကြားထားတယ်”ဟု ၎င်းက ဆိုသည်။

MCL ဘိလပ်မြေစက်ရုံက ပြန်လည်ရေးဆွဲ တင်ပြရမည့် EIA အစီရင်ခံစာတွင် ထုံးကျောက်တောင်အတွက် အစီရင်ခံစာတစ်စောင် အပါအဝင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေ၊ ဘိလပ်မြေ ထုတ်လုပ်မှု အခြေအနေများနှင့် ကနဦး သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်များ IEE ကိုလည်း ရေးဆွဲရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

MCL ကုမ္ပဏီသည် မီးခိုခေါင်တိုင်က ထွက်ရှိသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်များဖြစ်သည့် ကိန်းဂဏာန်း အချက်အလက်များကို ဇန်နဝါရီ ၂၉ ရက်က ပေးပို့ရန် လက်မှတ်ရေးထိုးထားသော်လည်း လက်ရှိ အချိန်အထိ ပေးပို့လာခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

MCL ကုမ္ပဏီကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ တိုက်ရိုက် ပိတ်ပိုင်ခွင့် မရှိသော်လည်း ပတ်ဝန်းကျင် ထိခိ်ုက်မှုများကို လိုက်နာခြင်း ရှိမရှိကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို ပြည်ထောင်စု ဝန်ကြီးဌာနထံ အစီရင်ခံစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ရှင်းရှင်းပြောရရင် MCL ဟာ EIA အတည်ပြုချက်ရယူရမယ်၊ ဒီEIA ပြီးမှ လုပ်ငန်း စလုပ်ရမှာဖြစ်တယ်၊ သူတို့တွေက ဘာတစ်ခုမှ မပြီးပဲနဲ့ လှည့်ပတ်ပြီး လုပ်နေတယ်”ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။

MCL ဘိလပ်မြေစက်ရုံ၏ EIA အစီရင်ခံစာကို ဇန်နဝါရီ ၂၄ ရက်က ပြည်ထောင်စုက ပယ်ချခဲ့ပြီး၊ ပြန်လည် ရေးဆွဲမည့် အခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၁ ရက်က မွန်ပြည်နယ် အစိုးရရုံးတွင် MCL ဘိလပ်မြေစက်ရုံရှိ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ထားကြောင်း ၎င်းက ပြောသည်။

EIA အစီရင်ခံ ရေးဆွဲမည့် အခြေအနေနှင့် ပတ်သက်ပြီး MCL ဘိလပ်မြေစက်ရုံရှိ တာဝန်ရှိသူကို ဟင်္သာမီဒီယာက မေးမြန်းဆက်သွယ်ရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပေ။

MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေး အသုံးပြုလည်ပတ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်က အခြားလောင်စာကို အစားထိုးအသုံးပြုရန် အကြံပြုချက်ပါဝင်သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးပြီးနောက် အစီရင်ခံကို နိုင်ငံတော် သမ္မတထံ ပေးပို့ထားသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း MCL ဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးသုံး လည်ပတ်နေမှုကို အမြန်ဆုံး ရပ်တန်ပေးရန် ကုမ္ပဏီ ပတ်ဝန်ကျင်းအနီးရှိ ကျေးရွာသားများက ဆန္ဒပြတောင်းဆိုထားသည်။

Written by – ဇော်ထိုက်

Leave a Reply